
AB News – ဇွန် ၄၊ ၂၀၂၆
မောင်တောမြို့နယ်လုံးဆိုင်ရာ သံဃာတော်များနှင့် အလှူရှင်ပြည်သူများ စုပေါင်း၍ စစ်တွေခရိုင်နှင့် ကျောက်ဖြူခရိုင်မှ စစ်ဘေးရှောင်ပြည်သူများအတွက် ကျပ်သိန်း ၃၀၀ ကျော် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်း ၂ ခုအတွက် ငွေကျပ် ၁၅၇ သိန်းနှင့် ဇွန်လ ၁ ရက်နေ့တွင် ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ငွေကျပ် ၁၅၀ သိန်းအား အသီးသီး ခွဲဝေလှူဒါန်းခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ လှူဒါန်းမှုတွင် ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများသို့ တာဝန်ရှိသူများက ကိုယ်တိုင်သွားရောက် ပေးအပ်ခဲ့ပြီး ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်များအတွက်မူ ဗဟိုသာသနာရေးရုံးမှတဆင့် လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ရက္ခိုင်ပြည်အတွင်း စစ်ကော်မရှင်တပ်၏ လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် ရပ်ရွာများအား စွန့်ခွာကာ စစ်ဘေးရှောင်နေကြရသည့် ပြည်သူလူထုများ၏ စားဝတ်နေရေးအခက်အခဲများနှင့် လတ်တလော လိုအပ်ချက်များကို ဖြေရှင်းနိုင်ရန် အဆိုပါခရိုင်နှစ်ခုမှ စစ်ရှောင်ပြည်သူများအား ငွေကျပ် သိန်း ၃ဝဝ ကျော် ထောက်ပံ့ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုလှူဒါန်းငွေများသည် မောင်တောတစ်မြို့နယ်လုံးရှိ သံဃာတော်များနှင့် အလှူရှင်ဒါယကာ၊ ဒါယိကာမများ စုပေါင်းထည့်ဝင်ထားသည့် အလှူငွေများ ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ပုဏ္ဏားကျွန်းမြို့နယ်သည် ရက္ခိုင်ပြည်အတွင်း စစ်ဘေးရှောင်လူဦးရေ အများဆုံး ရှိနေသည့် ဒေသတစ်ခုဖြစ်ပြီး စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေရသကဲ့သို့ ကျောက်ဖြူမြို့နယ်တွင်လည်း ပြင်းထန်နေသော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်ရသည့် စစ်ဘေးရှောင်ဦးရေ ထောင်နှင့်ချီ၍ ဆက်လက်တိုးပွားနေကြောင်း သိရှိရသည်။
Photo-APM