
AB News – ဇွန် ၄၊ ၂၀၂၆
သင်္ဘောလှရွာဖြစ်စဉ်တွင် ရွာသား ၈၉ ဦးအား အာရက္ခတပ်တော်(AA)မှ ယာယီထိမ်းသိမ်းခဲ့ရာ ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည့်အပေါ် မီဇိုရမ်ပြည်နယ်ရှိ ဒိုင်းနက်ကျောင်းသားသမဂ္ဂ(Tongchangya Student Union Mizoram)မှ ကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။
ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့က အာရက္ခတပ်တော်(AA) ၏ တာဝန်ရှိသူများသည် ဒေသတွင်း လုံခြုံရေးနှင့် စစ်မှုထမ်းဥပဒေဆိုင်ရာကိစ္စရပ်များကို အရပ်သားများ နားလည်သဘောပေါက်စေရန် ကျေးရွာအတွင်း သွားရောက်ရှင်းလင်းစဉ် ရွာသားအချို့၏ လှုံ့ဆော်မှုကြောင့် ရုန်းရင်းဆတ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယင်းသို့ လူအုပ်စုဖြင့် ဆူပူအုံကြွမှုအသွင် ဖြစ်ပွားလာခြင်းကြောင့် အခြေအနေ ပိုမိုဆိုးရွားမသွားစေရန်နှင့် နယ်မြေတည်ငြိမ်မှု ထိန်းသိမ်းရန်အတွက် ဖြစ်စဉ်တွင် ပါဝင်သူ ၁၀၀ ကျော်ကို AA ဘက်က ခေတ္တထိန်းသိမ်းကာ သဘောထားချင်း ညှိနှိုင်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
၎င်းပြင် မေလ ၂၇ ရက်နေ့တွင် ပြည်သူများကို လွှတ်ပေးရန် တောင်းဆိုသည့် ဒိုင်းနက်အဖွဲ့၁၂ ဖွဲ့မှ ပူးတွဲပန်ကြားချက် တစ်ခုအပြီးတွင် ထိန်းသိမ်းခံထားရသူ ၈၉ ဦးအား ပြန်လည်လွှတ်ပေးလိုက်သည့်အပေါ် မြေပြင်အစီရင်ခံစာတစ်ခုက အတည်ပြုခဲ့ကြောင်းနှင့် မြန်မာနိုင်ငံရှိ ဒိုင်းနက် ပြည်သူများ၏ စည်းလုံးညီညွတ်မှုကို ပြသခဲ့သည့်အတွက် ဒိုင်းနက်ကျောင်းသားသမဂ္ဂမှ ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ကြသည်။
ယခုဖြစ်စဉ်မှာ စစ်မှုထမ်းဥပဒေအပေါ် အခြေခံသည့် နားလည်မှုလွဲမှားခြင်းသာဖြစ်ပြီး ထိန်းသိမ်းထားစဉ်ကာလအတွင်း အမျိုးသားကာကွယ်ရေးဆိုင်ရာ တာဝန်ဝတ္တရားများနှင့် ပတ်သက်၍ အပြန်အလှန် နားလည်မှုရရှိရန် ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း အာရက္ခတပ်တော်(AA) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဆိုထားသည်။