သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သင်္ဘောလှရွာဖြစ်စဉ်တွင် ယာယီထိန်းသိမ်းခံရသည့် ရွာသား ၈၉ ဦးကို AA က ပြန်လွှတ်ပေး

​AB News – ဇွန် ၃၊ ၂၀၂၆

​ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာတွင် အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် (NDEP) နှင့် ပတ်သက်၍ ဒေသခံများနှင့် ဖြစ်ပွားခဲ့သည့် နားလည်မှုလွဲမှားမှုများကို အာရက္ခတပ်တော် (AA) က ဖြေရှင်းပေးခဲ့ပြီးနောက် ယာယီထိန်းသိမ်းထားသည့် ဒိုင်းနက် (သက္ကမ) လူမျိုးစု ရွာသား ၈၉ ဦးကို ယမန်နေ့ ဇွန် ၂ ရက်နေ့ တွင် စနစ်တကျ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့က အာရက္ခတပ်တော် (AA) ၏ တာဝန်ရှိသူများသည် ဒေသတွင်း လုံခြုံရေးနှင့် စစ်မှုထမ်းဥပဒေဆိုင်ရာကိစ္စရပ်များကို အရပ်သားများ နားလည်သဘောပေါက်စေရန် ကျေးရွာအတွင်း သွားရောက်ရှင်းလင်းစဉ် ရွာသားအချို့၏ လှုံ့ဆော်မှုကြောင့် ရုန်းရင်းဆတ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းသို့ လူအုပ်စုဖြင့် ဆူပူအုံကြွမှုအသွင် ဖြစ်ပွားလာခြင်းကြောင့် အခြေအနေ ပိုမိုဆိုးရွားမသွားစေရန်နှင့် နယ်မြေတည်ငြိမ်မှု ထိန်းသိမ်းရန်အတွက် ဖြစ်စဉ်တွင် ပါဝင်သူ ၁၀၀ ကျော်ကို AA ဘက်က ခေတ္တထိန်းသိမ်းကာ သဘောထားချင်း ညှိနှိုင်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ထိန်းသိမ်းခံရသူများအနက်မှ ပထမဆုံးအသုတ်အနေဖြင့် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးငယ်များ အပါအဝင် ရွာသား ၈၉ ဦးကို ၎င်းတို့၏ နေအိမ်များသို့ ဘေးကင်းစွာ ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်ပြီး ကျန်ရှိနေသူ ၂၅ ဦးကိုလည်း ဆက်လက်၍ လုပ်ထုံးလုပ်နည်းအတိုင်း ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ULA/AA ၏ အုပ်ချုပ်ရေးအဖွဲ့က စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ဆွေးနွေးရန် သွားရောက်စဉ် ကျေးရွာသားအချို့က တုတ်၊ ဓား လက်နက်များ ကိုင်ဆောင်ပြီး ရန်လိုသည့်အသွင်ဖြင့် မောင်းထုတ်ရန် ကြိုးပမ်းခဲ့ကြခြင်း ဖြစ်သည်။

သို့သော်လည်း AA တပ်ဖွဲ့ဝင်များအနေဖြင့် အခြေအနေကို အတတ်နိုင်ဆုံး ထိန်းသိမ်းကိုင်တွယ်ခဲ့ပြီး လူထုပဋိပက္ခ မဖြစ်ပွားစေရန်အတွက်သာ ယာယီခေါ်ယူ ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၂၇ ရက်က သက္ကမလူမျိုးစု အရပ်ဘက်အဖွဲ့အစည်း ၁၂ ဖွဲ့၏ ထုတ်ပြန်ချက်တွင် ထိခိုက်ဒဏ်ရာရမှုအချို့ ရှိခဲ့ကြောင်း ဖော်ပြထားသော်လည်း ယင်းမှာ အခြေအနေကို ထိန်းသိမ်းစဉ်အတွင်း ဖြစ်ပွားခဲ့သည့် ရုန်းရင်းဆတ်ခတ်မှုအဆင့်သာ ဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

အာရက္ခတပ်တော် (AA) ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက ယခုဖြစ်စဉ်မှာ စစ်မှုထမ်းဥပဒေအပေါ် အခြေခံသည့် နားလည်မှုလွဲမှားခြင်းသာဖြစ်ပြီး ထိန်းသိမ်းထားစဉ်ကာလအတွင်း အမျိုးသားကာကွယ်ရေးဆိုင်ရာ တာဝန်ဝတ္တရားများနှင့် ပတ်သက်၍ အပြန်အလှန် နားလည်မှုရရှိရန် ရှင်းလင်းဆွေးနွေးပေးခဲ့သည်ကို တွေ့ရှိရသည်။

အလားတူ မောင်တောခရိုင် သက္ကမလူမျိုးစုရေးရာကော်မတီကလည်း မေလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ကာ ယခုကိစ္စသည် စစ်မှုထမ်းရမည့် အခြေအနေများအပေါ် ကျေးရွာသားများ ရှင်းရှင်းလင်းလင်း မသိရှိခြင်းကြောင့် ဖြစ်ပွားခဲ့ရခြင်းဖြစ်ပြီး ပြဿနာများ ပြေလည်သွားစေရန်အတွက် နှစ်ဖက်ကြား အပြုသဘောဆောင်ကာ တည်ငြိမ်စွာ ဆွေးနွေးဖြေရှင်းနေကြကြောင်း အသိပေးထားသည်။


ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ