AB News – မေ ၂၄၊ ၂၀၂၆
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် နယ်မြေများအတွင်း မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိရာ လက်ရှိတွင် မြောက်ဦးမြို့ပြ စီမံကိန်းအတွက် အရေးပါသည့် အဝေးပြေးလမ်းမကြီး ချဲ့ထွင်ခြင်းလုပ်ငန်းကို ဦးစားပေး ဆောင်ရွက်နေသည်ကို တွေ့ရှိရသည်။
အဆိုပါ စီမံကိန်းဧရိယာတွင် ပါဝင်နေသည့် လယ်ယာမြေများအတွက် အစိုးရမှ မြေသိမ်းဥပဒေလုပ်ထုံးလုပ်နည်းများကို ပြည်သူများနှင့် အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး ကာလပေါက်ဈေးအဖြစ် လယ်မြေတစ်ဧကလျှင် ကျပ်သိန်း ၈၀ ဖြင့် ဝယ်ယူရန် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လယ်မြေယာ တည်ဆဲ ဥပဒေများအရ လယ်ယာမြေသည် စိုက်ပျိုးရေးအတွက်သာဖြစ်ပြီး အိမ်ရာမြေအဖြစ် အကွက်ရိုက်ရောင်းချခွင့် မရှိသော်လည်း ယခင်မြန်မာအစိုးရလက်ထက်က အရေးယူမှု အားနည်းခဲ့ခြင်းကြောင့် အဝေးပြေးလမ်းဘေးရှိ လယ်မြေအချို့ကို အိမ်ရာကွက်အဖြစ် တရားမဝင် အရောင်းအဝယ် ပြုလုပ်ခဲ့ကြသည်။
ထိုသို့ အကွက်ရိုက်ဝယ်ယူထားသူများနှင့် မြေပိုင်ရှင်အချို့သည် လက်ရှိအစိုးရက သတ်မှတ်ထားသည့် ကာလပေါက်ဈေးထက် အဆပေါင်းများစွာ ပိုမိုရရှိရန် လိုလားနေကြသည်ကို တွေ့ရှိရသည်။
စီမံကိန်း အဆင်ပြေချောမွေ့စေရန် ပူးပေါင်းပါဝင်ပြီး လယ်မြေရောင်းချထားသူများ ရှိသကဲ့သို့ သဘောမတူဘဲ ရောင်းချခြင်းမရှိသူများကိုလည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ က ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့မှစ၍ တစ်ဦးချင်းစီထံ အကြောင်းကြားစာ ပေးပို့ထားပြီး ဖြစ်ကြောင်း မြေပိုင်ရှင်များက ဆိုကြသည်။
အဆိုပါ အကြောင်းကြားစာတွင် ကိုလိုနီခေတ် ၁၈၉၄ ခုနှစ်ကတည်းက ကမ္ဘာ့နိုင်ငံအချို့တွင် ကျင့်သုံးနေဆဲဖြစ်သည့် မြေသိမ်းအက်ဥပဒေ (Land Acquisition Act) ပုဒ်မ ၉(၁) အရ လယ်မြေများကို သိမ်းယူသွားမည်ဖြစ်ကြောင်းနှင့် လျော်ကြေးငွေအဖြစ် တစ်ဧကလျှင် ကျပ်သိန်း ၈၀ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လယ်ယာမြေ တည်ဆဲဥပဒေအရ လယ်ယာမြေပေါ်တွင် စိုက်ပျိုးရေးသာ လုပ်ကိုင်ခွင့်ရှိပြီး အဆောက်အဦး (သို့) လုပ်ငန်းခွင်အဖြစ် အသုံးပြုလိုပါက လယ်ယာမြေအား အခြားနည်းဖြင့် အသုံးပြုခွင့် ရမှသာ ဆောက်လုပ်ခွင့် ရရှိမည်ဖြစ်ကြောင်းနှင့် အစိုးရထံမှ ခွင့်ပြုချက် မရရှိဘဲ အသုံးပြုပါက ဥပဒေနှင့် မလျော်ညီကြောင်း မြောက်ဦးဒေသခံတစ်ဦးက ဆိုသည်။
“လယ်ယာမြေ တည်ဆဲဥပဒေအရ လယ်မြေပေါ်မှာ စိုက်ပျိုးရေးကိုပဲ လုပ်ကိုင်ခွင့်ရှိပြီး အခြားအဆောက်အအုံတွေ ဆောက်လုပ်ခွင့် မရှိပါဘူး။ ခွင်ပြုချက်မရှိဘဲ ခြံစည်းရိုးခတ်တာ၊ အဆောက်အဦး ဆောက်လုပ်တာဟာ ဥပဒေကို ချိုးဖောက်တာပါပဲ။ မြေသိမ်းအက်ဥပဒေအရ အစိုးရရဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေ ဆောင်ရွက်လာရင် လယ်မြေတွေကို ကာလပေါက်ဈေးနဲ့ ရောင်းချပေးရတာဟာ ဥပဒေမှာလည်း ပါရှိပါတယ်” ဟု ဆိုသည်။
မြေသိမ်းခံရသူများအနေဖြင့် လျော်ကြေးငွေများကို မေလ ၁၆ ရက်မှ ၃၁ ရက်အတွင်း တောင်းခံနိုင်ပြီး အစိုးရနှင့် မြေပိုင်ရှင်များ ရှေ့မှောက်တွင်လည်း မြေကွက်များကို တိုင်းတာထားပြီ ဖြစ်ကြောင်း မြေပိုင်ရှင်များက ဆိုကြသည်။
အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရအနေဖြင့် ယခုကဲ့သို့သော မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးရေးစီမံကိန်းများကို ပြည်သူ့လိုအပ်ချက်အရ အာရက္ခတစ်ပြည်လုံးတွင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး မြေယာကိစ္စရပ်များကို ဥပဒေနှင့်အညီ ပြတ်ပြတ်သားသား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။






