
AB News – မေ ၁၉၊ ၂၀၂၆
မလေးရှားနိုင်ငံ၊ ဂျိုဟိုးမြို့တွင် ရက္ခိုင်က စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နိုင်ရန် မလေးရှားရောက် ရက္ခိုင်များ ဦးဆောင်ကာ လူငယ်ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို မေလ ၁၂ ရက်နေ့က မလေးရှားနိုင်ငံ၊ ဂျိုဟိုးမြို့တွင် ရက္ခိုင်မဏ္ဍိုင်ဘောလုံးအသင်းနှင့် စိန်ပွင့်မြန်မာစားသောက်ဆိုင်မှ ဦးစီးကာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မလေးရှားရောက် ရက္ခိုင်လူငယ် အသင်း (၁၆ )သင်းမှ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ယင်းအပြင် အဆိုပါပြိုင်ပွဲမှ ရရှိလာသော ရန်ပုံငွေများကို ရက္ခိုင်မျိုးချစ်လူငယ်ဖောင်ဒေးရှင်း၏ အရေးပေါ်လိုအပ်နေသော အရေးပေါ်လူနာတင်ကားဝယ်ယူရေးနိုင်ရေး မတည်ငွေအဖြစ် ငွေကျပ်သိန်း (၁၁၀) ကို လှူဒါန်းနိုင်ခဲ့ကြောင်း ပွဲစီစဥ်သူက ဆိုသည်။
“အခုပွဲစဥ်တွေကတော့ ပြီးသွားပါပြီ၊ ကိုယ့်ဒေသက စစ်ရှောင်တွေအတွက် ရည်ရွယ်ပြီး နောက်လမှာလည်း ဆက်ပြီး ဘောလုံးပွဲတွေ ဆက်တိုက် ကျင်းပသွားဖို့ရှိပါတယ်၊ ပြီးတော့ ရက္ခိုင်မျိုးချစ်လူငယ်ဖောင်ဒေးရှင်မှာ လိုအပ်တဲ့ လူနာတင်ကားကိုလည်း အမြန်ဆုံး ဝယ်ယူနိုင်စေချင်ပါတယ်” ဟု ပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ်သည် စစ်ဘေးရှောင်လူဦးရေအများအပြားခိုလုံနေကြသည့် မြိုနယ်တစ်ခုဖြစ်ပြီး လက်ရှိမှာ လူနာတင်ကားမလုံလောက်မှုကြောင့် အရေးပေါ်ကူညီကယ်ဆယ်ရေးများလုပ်ဆောင်ရာတွင် နှောင့်နှေးကြန့်ကြာမှုများရှိနေကြောင်း သိရသည်။