သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်တွင် ကွမ်းသီးစျေးနှုန်း ရုတ်တရက်ထိုးတက်

AB News – မေ ၁၇၊ ၂၀၂၆

ရက္ခိုင်ပြည်တွင် ယခုရက်ပိုင်းအတွင်း ကွမ်းသီး တစ်မောင်း(၂၅ ပိဿာ) ဈေးနှုန်းမှာ ၇ သိန်းကျော်အထိ ရုတ်တရက် ထိုးတက်သွားပြီး ဈေးကွက်အတွင်း ကွမ်းသီးပြတ်လပ်မှုနှင့် ဝယ်ရခက်ခဲသည့် အခြေအနေများ ကြုံတွေ့နေရကြောင်း ကုန်သည်များထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလ နောက်ဆုံးပတ်အထိ ကွမ်းသီးတစ်မောင်းလျှင် ငွေကျပ် ၄ သိန်းခွဲ ဝန်းကျင်သာ ရှိခဲ့သော်လည်း မေလလယ် လက်ရှိအချိန်တွင် ငွေကျပ် ၇ သိန်းကျော်အထိ ဈေးနှုန်း မြင့်တက်လာခြင်းဖြစ်သည်။

ဈေးနှုန်းများ ထိုးတက်သွားသည့်အပြင် တစ်ဖက်တွင်လည်း ရာသီအလိုက် ကွမ်းသီးအသစ် မရသေးသည့် အချိန်ဖြစ်သောကြောင့် ဈေးကွက်အတွင်း ကွမ်းသီးရှားပါးမှု ရှိနေသည်။

ထို့ပြင် ကွမ်းသီးလက်ကျန်ရှိသူများကလည်း ဈေးထပ်တက်မည့် အခြေအနေကို စောင့်ကြည့်ကာ ရောင်းချခြင်းမပြုဘဲ ထိန်းသိမ်းထားကြကြောင်း သိရသည်။

“အခုက ကွမ်းသီးတွေလည်း မသီးသေးတဲ့အချိန်၊ ပြီးတော့ ကွမ်းသီးစျေးကလည်း မြင့်လာတော့ ကွမ်းသီးလက်ဝယ်ရှိတဲ့သူတွေကလည်း ဒီထက်ဈေးကောင်းဦးမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ လောလောဆယ် ထုတ်မရောင်းဘဲ သိမ်းထားကြတယ် ” ဟု ဒေသခံ ကွမ်းသီးကုန်သည်တစ်ဦးက ပြောသည်။

လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေများအရ လာမည့်ရက်ပိုင်းအတွင်း ကွမ်းသီးဈေးနှုန်းမှာ ယခုထက် ပိုမိုမြင့်တက်လာနိုင်ပြီး ကွမ်းသီးတစ်မောင်းလျှင် ငွေကျပ် ၁၀ သိန်းအထိ ဖြစ်လာနိုင်ကြောင်း ကုန်သည်များက ခန့်မှန်းတွက်ချက်နေကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ