
AB News – မေ ၈၊ ၂၀၂၆
စစ်ကော်မရှင် ထိန်းချုပ်ရာ မြို့တော် စစ်တွေတွင် ကျေးရွာအချို့မှ မူဆလင် အမျိုးသမီးများအပါအဝင် စုစုပေါင်းမူဆလင် ၁၁ ဦးကို စစ်ကော်မရှင်နှင့် ပူးပေါင်းအဖွဲ့များက ဖမ်းဆီးထားကြောင်း မြို့ခံများက ဆိုကြသည်။
ဖမ်းဆီးခံထားရသူများမှာ မေလ ၁ ရက်နေ့မှ ၅ ရက်နေ့အတွင်း သက်ကယ်ပြင်၊ ဒုံးပြင်တောင်၊ သံဒေါ်လီ၊ လက်မချေနှင့် မူဆလင်ဒုက္ခသည်စခန်းများမှ မူဆလင် အမျိုးသမီးများအပါအဝင် စုစုပေါင်း ၁၁ ဦးကို စစ်ကော်မရှင် ဖမ်းဆီးထားခြင်းဖြစ်ပြီး ယနေ့အထိ ဖမ်းဆီးခံထားရသူများနှင့် အဆက်သွယ်မရရှိသေးကြောင် မိသားစုဝင်များက ဆိုသည်။
ပြီးခဲ့သည့် မေလ ၃ ရက်နေ့က စစ်တွေမြို့နယ်၊ သံဒေါ်လီကျေးရွာမှ အသက် ၄၂ အရွယ် ဆိုလီ ဆိုသူကို ရဲတပ်ဖွဲ့မှ စစ်ဆေးစရာရှိသည်ဟုဆိုဟာ စစ်တွေလေဆိပ်အရောက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါနေ့ တစ်ရက်တည်း ညနေပိုင်းအချိန်တွင် လက်မချေ (မူဆလင်) ကျေးရွာမှ ကျေးရွာတာဝန်ခံ၏ သားဖြစ်သူ မောင်ဘုချေ (ဇော်မီး) အပါအဝင်နှစ်ဦးကို စစ်ကော်မရှင်မှ ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဧပြီ ၂၄ ရက်၊ ညနေပိုင်အချိန်တွင် စစ်တွေမြို့၊ ရွာကြီးတောင်ရက်ကွက်ရှိ မဏိရတနာ ဘုန်းတော်ကြီးကျောင်းကို ဧည့်စရင်းလာရောက်စစ်ဆေးသည်ဟုဆိုကာ အင်အား ၂၀ ခန့်ပါသော စစ်ကော်မရှင် ပူးပေါင်းအဖွဲ့က လာရောက်ပြီး အသက် ၄၀ အရွယ် စခန်းတာဝန်ခံအမျိုးသမီးအား ဖမ်းဆီးခဲ့သည်။
စစ်ကော်မရှင်သည် ၎င်းတိုထိန်းချုပ်ရာဒေသရှိ ပြည်သူများကို မတရားဖမ်းဆီးခြင်းများပြုလုပ်ကာ ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များမှ ငွေညှစ်ခြင်းမျာား၊ အရွယ်မရောက်သေးသူ ကျောင်းသားလူငယ်များပါမချန် ပေါ်တာဆွဲခြင်များ ပြုလုပ်ပြီး စစ်မှုထမ်းတပ်သားအဖြစ် စုဆောင်းလျက်ရှိနေသည်။