သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပလက်ဝခရိုင်တွင် သက်ငယ်မုဒိန်းမှုပပျောက်ရေး အသိပညာပေးဟောပြောပွဲများ ပြုလုပ်

AB News – မေ ၇၊ ၂၀၂၆

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသည့် ပလက်ဝခရိုင်အတွင်း သက်ငယ်မုဒိန်းမှုများ လျော့နည်းပပျောက်စေရန်အတွက် ခရိုင်ပါတီနှင့် အုပ်ချုပ်ရေးဌာနတို့ ပူးပေါင်းကာ ကျေးရွာများအရောက် ကွင်းဆင်း၍ အသိပညာပေးဟောပြောမှုများ ဆောင်ရွက်နေကြောင်း သိရသည်။

ယင်းဟောပြောပွဲများတွင် ကလေးငယ်များအား လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုမှ ကာကွယ်နိုင်ရန်အတွက် မိဘနှင့် အုပ်ထိန်းသူများ အလေးအနက်ထား လိုက်နာဆောင်ရွက်ရမည့် အချက် (၇) ချက်ကို အဓိကထား ရှင်းလင်းဆွေးနွေးခဲ့သည်။

မိဘအုပ်ထိန်းသူများ သိထားသင့်သည့် အချက် ၇ ချက်
၁။ ကလေး၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို မိဘမှလွဲ၍ မည်သူတစ်ဦးတစ်ယောက်ကိုမျှ နှုတ်ခမ်း၊ ရင်သား၊ တင်ပါးနှင့် လိင်အင်္ဂါ (Private Parts) တို့အား ကိုင်တွယ်ခွင့်၊ နမ်းရှုပ်ခွင့် မပြုရန်နှင့် ထိုသို့ပြုလုပ်လာပါက ငြင်းဆိုတတ်ရန် ကလေးကို သင်ကြားထားရမည်။

၂။ ကလေး၏ သီးသန့်အစိတ်အပိုင်းများကို ကိုင်တွယ်ခွင့်မပြုရုံသာမက အဝတ်မဲ့ဓာတ်ပုံများ ရိုက်ကူးခြင်းကိုလည်း တားမြစ်ရမည်။ ထိုဓာတ်ပုံများသည် မူမမှန်သည့် စိတ်ဝေဒနာရှင်များထံ ရောက်ရှိသွားနိုင်သည့် အန္တရာယ်ကို ကာကွယ်ရန် ဖြစ်သည်။

၃။ အခြားသူက ၎င်းတို့၏ လိင်အင်္ဂါကို ကိုင်ခိုင်းလျှင်လည်း လုံးဝလက်မခံရန်နှင့် ယင်းမှာ အန္တရာယ်ရှိသည့် ကိစ္စဖြစ်ကြောင်း ကလေးကို ကြိုတင်ပြောပြထားရမည်။

၄။ ကျူးလွန်သူများသည် ကလေးကို သတ်ပစ်မည်ဟု ခြိမ်းခြောက်တတ်ကြသဖြင့် မည်သည့်ကိစ္စမျိုး ကြုံရပါစေ မိဘကို ပြန်ပြောခြင်းသည် အလုံခြုံဆုံးဖြစ်ကြောင်း ကလေးအား ယုံကြည်မှု တည်ဆောက်ထားရမည်။

၅။ ကျူးလွန်သူများသည် ကလေးနှင့် ရင်းနှီးအောင်ပြုလုပ်ပြီး မုန့်ကျွေးခြင်း၊ ကစားခြင်းတို့ဖြင့် လှည့်ဖျားကာ လျှို့ဝှက်ခိုင်းတတ်သည်။ ထို့ကြောင့် မိဘနှင့် ကလေးကြားတွင် လျှို့ဝှက်ချက် မရှိစေရန် အမြဲမပြတ် သတိပြုရမည်။

၆။ စစ်တမ်းများအရ သက်ငယ်မုဒိန်းမှု ကျူးလွန်သူများ၏ ၉၃ ရာခိုင်နှုန်းမှာ ကလေးနှင့် ရင်းနှီးကျွမ်းဝင်သူများ (ဆွေမျိုး၊ မိတ်ဆွေ) ဖြစ်ပြီး ၇ ရာခိုင်နှုန်းသာ သူစိမ်းများ ဖြစ်ကြသည်။ ထို့ကြောင့် မည်သူပင်ဖြစ်စေ အထက်ပါစည်းကမ်းများကို လိုက်နာစေရန် ကလေးကို ပွင့်ပွင့်လင်းလင်း မှာကြားရမည်။

၇။ အမြဲမပြတ် စောင့်ကြည့်ခြင်း ကလေးကို မည်သည့်အချိန်တွင်မျှ တစ်ယောက်တည်း မထားသင့်ပါ။ အထူးသဖြင့် မှောင်ရီပျိုးစအချိန်များတွင် အိမ်သာသွားခြင်း၊ အပြင်သွားခြင်းနှင့် ရွာထဲလျှောက်သွားခြင်းများ မပြုလုပ်မိစေရန် ဂရုတစိုက် စောင့်ရှောက်ရမည်။

ယခုကဲ့သို့ အသိပညာပေးမှုများကို ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာများအထိ လိုက်လံဟောပြောခြင်းဖြင့် ကလေးငယ်များအတွက် ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်တစ်ခု ဖော်ဆောင်နိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ