AB News – မေ ၃၊၂၀၂၆
ရက္ခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ စိုင်းတုပ်ကျွန်းရှိ ပုဏ္ဏားကြီးကျေးရွာတွင် ယမန်နေ့ မေလ ၂ ရက်နေ့၊ မွန်းလွှဲ ၁၂ နာရီခန့်က မိုးသက်လေပြင်တိုက်ခတ်ပြီး မိုးသီးများ ကြွေဆင်းခဲ့မှုကြောင့် ဒေသခံများ၏ လူနေအိမ် ခေါင်မိုးများမှာ ပေါက်ပြဲသွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ မိုးသီးများမှာ လူနေအိမ်များသို့ ကြွေဆင်းခဲ့၍ ခေါင်မိုးများ ပေါက်ပြဲသွားခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။
ရက္ခိုင်ပြည်တွင် ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့ကလည်း မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုတို့ကြောင့် ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်စခန်းအတွင်းရှိ နေအိမ်အချို့ ထိခိုက် ပျက်စီးသွားခဲ့ကြောင်း သိရသည်။
ယင်းအပြင် ယမန်နေ့ ညနေ ၇ နာရီခန့်ကလည်း ရက္ခိုင်ပြည်အနှံ နာရီခွဲကျော်ခန့် မိုးသက်လေပြင်း တိုက်ခတ်ခဲ့သည်ကို တွေ့ရသည်။
ယင်းအပြင် ရက္ခိုင်ပြည်၌ မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှူးဦးစီးဌာနမှ ယနေ့ မေလ ၃ ရက်နေ့ နံနက်ပိုင်း ၇နာရီအချိန်က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ၌ ယနေ့လာမည့် မေလ ၁၈ ရက်နေ့အတွင်း စူပါဆိုင်ကလုန်း မုန်တိုင်း (၁) လုံး အနောက်တောင်ဘက် ကပ္ပလီပင်လယ်ပြင်မှ စတင်သက်ရောက်လာပြီး ပိုမိုအားကောင်းလာသော မုန်တိုင်းအဖြစ်ဖြင့် အလယ်အလတ်အဆင့်သို့ ရောက်ရှိနေကြောင်း သိရသည်။
ဓာတ်ပုံ – CJ (ပေးပို့)



