သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်နေအိမ်အချို့ ပျက်စီးခဲ့ရ

AB News – ဧပြီ ၃၀၊၂၀၂၆

ရက္ခိုင်ပြည်တွင် ယမန်နေ့ ဧပြီလ ၂၉ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုတို့ကြောင့် ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်စခန်းအတွင်းရှိ နေအိမ်အချို့ ထိခိုက် ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ ညနေ ၆ နာရီခန့်အချိန်တွင် ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ မိုးသက်လေပြင်းတိုက်ခတ်မှုတို့ကြောင့် လူနေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စစ်ဘေးရှောင်အမျိုးသားတစ်ဦးက AB News သို့ ပြောသည်။

“မနေ့က ၆ နာရီလောက်မှာ မိုးရွာပြီး လေပြင်းတွေ တိုက်ခတ်လို့ ကျွန်တော်တို့ စစ်ဘေးရှောင်နေအိမ်အချို့ ထိခိုက်ပျက်စီးသွားတယ်။ မရှိ ရှိတာကို ရောင်းပြီး ဒီအိမ်တွေကို ဆောက်လုပ်ထားတာ။ အခု ဘယ်မှာသွားနေရမလဲ မသိတော့ဘူး။ မိုးတစ်ကြိမ်ရွာရင် နေစရာ နေရာမရှိတော့သိလိုပဲ။ မိုးသည်းထန်စွာ ရွာသွန်းနေတော့ အလုပ်အကိုင်ကလည်း မရှိဘူး။ မိုးရာသီရောက်တိုင်း ဒီလိုအခက်အခဲမျိုးကို အမြဲတမ်းကြုံနေရတယ်” ဟု ပြောသည်။

မိုးရာသီရောက်တိုင်း စစ်ဘေးရှောင်ပြည်သူများမှာ မိုးသည်းထန်စွာရွာလျှင် ၎င်းနေအိမ်အတွင်း နေရာထိုင်ခင်းမလုံလောက်ခြင်း၊ အိပ်စရာနေရာမရှိခြင်းတို့ကို ကြုံတွေ့နေရပြီး ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများမှာလည်း အခက်အခဲများဖြင့် ရင်ဆိုင်ကြုံတွေ့ရကြောင်း စစ်ဘေးရှောင် ဒေသခံများထံမှ သိရသည်။

စစ်ရှောင်စခန်းများအတွင်း ‌ဝါး၊ ဓနိမိုးတို့ဖြင့် ဆောက်လုပ်ထားသည့် ယာယီတဲအိမ်များမှာ မိုးဒဏ်နှင့် လေဒဏ်ကို မခံနိုင်သောကြောင့် ပိုမိုပျက်စီးလွယ်ကြောင်း နောက်ထပ် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

“ကျွန်မတို့ စစ်ဘေးရှောင်တွေ နေတဲ့ အိမ်တွေဟာ ဝါးတွေ၊ ဓနိမိုးတွေနဲ့ ဆောက်ထားတော့ မိုးဒဏ်နဲ့ လေဒဏ်ကို ခံနိုင်ဖို့ အင်အားမရှိဘူး။ တစ်ခါ လေပြင်းတိုက်ရင် တစ်ခါ ပြုပြင်ပေးရတယ်။ အဲ့လိုတွေ ဆောက်လုပ်လာတာ မိုးရာသီရောက်တိုင်းပါပဲ။ ဘယ်လိုမှ အဆင်မပြေဘူး” ဟု ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်များသည် နွေရာသီတွင် ရေရှားပါးမှုနှင့် ပူပြင်းမှုဒဏ်ကို ခံစားခဲ့ရပြီး ယခုအခါ မိုးရာသီတွင်လည်း အမိုးအကာ မလုံခြုံမှုကြောင့် အခက်အခဲများစွာ ကြုံတွေ့နေရခြင်း ဖြစ်သည်။

စစ်ဘေးရှောင်စခန်းများအတွင်းရှိ အရပ်သားပြည်သူများမှာ မိုးတွင်းကာလ အမိုးအကာအောက်ရောက်ရှိရေးအတွက် တာပေါ်လင်များအပါအဝင် ဝါးထရံများ၊ ဓနိများ အရေးပေါ်လိုအပ်နေကြောင်း ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက စစ်ဘေးရှောင်များက ဆိုကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ