AB News – ဧပြီ ၂၉၊ ၂၀၂၆
ရက္ခိုင်တွင် ယမန်နေ့ ဧပြီလ ၂၈ ရက်နေ့က မိုးရွာသွန်းစဉ် မိုးကြိုးပစ်ခံရ၍ ကျောက်တော်မြို့နယ်မှ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး မြောက်ဦးမြို့နယ်မှ ၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကျောက်တော်မြို့နယ်တွင် မိုးကြိုးပစ်ခံရမှုကြောင့် အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ဆိုကြသည်။
ဧပြီလ ၂၈ ရက်နေ့၊ နေ့လယ် ၃ နာရီခန့်တွင် ကျောက်တော်မြို့နယ်၊ နဂူမေကျေးရွာ (ကုန်းတန်းမြောက်) တွင် နေထိုင်သူ ဦးလှစိန်၏သား ကျောင်းဆရာ ကိုဆန်းလှိုင် (၄၅ နှစ်) သည် နဂူမေရွာအနီး၌ ဆိုင်ကယ်စီးနင်းလာစဉ် မိုးကြိုးပစ်ခံခဲ့ရခြင်း ဖြစ်သည်။
မိုးကြိုးပစ်ခံရမှုကြောင့် ကိုဆန်းလှိုင်မှာ အခင်းဖြစ်ပွားရာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ရပြီး ၎င်းစီးနင်းလာသည့် Honda အမျိုးအစား ဆိုင်ကယ်မှာလည်း ရွှံ့နွံများကြားတွင် လဲကျနေသည်ကို တွေ့ရှိရသည်။
ထို့အပြင် မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာတွင်လည်း ယမန်နေ့က ဒေသခံနှစ်ဦးမှာလည်း မိုးကြိုးပစ်ခံရ၍ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လက်ရှိမှာ လက္ကာကျေးရွာသား ၂ ဦးအား နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရှိရပြီး အသေးစိတ်အခြေအနေကို စုံစမ်းနေဆဲဖြစ်သည်။
ယခုရက်ပိုင်းအတွင်း ရက္ခိုင်ပြည်တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းပြီး မိုးသက်လေပြင်းနှင့်အတူ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းများ ဖြစ်ပေါ်နေရာ မိဘပြည်သူများအနေဖြင့် လုံခြုံသည့် အဆောက်အအုံအတွင်း၌သာ ခိုလှုံကြရန်နှင့် အပြင်ထွက်ပါက မိုးကြိုးအန္တရာယ်ကို အထူးသတိပြုကြရန် လိုအပ်နေကြောင်း သဘာဝပတ်ဝန်းကျင်လေ့လာသုံးသပ်သူများက အကြံပြုထောက်ပြထားသည်။
ပုံစာ – ယမန်နေ့ ဧပြီလ ၂၈ ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ နဂူမေကျေးရွာမှ ကျောင်းဆရာ ကိုဆန်းလှိုင် မိုးကြိုးပစ်ခံရ၍ သေဆုံးခြင်း။ (ဓာတ်ပုံ – CJ)



