
AB News- ဧပြီ ၂၈၊ ၂၀၂၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေသ၊ လိုဟာဂါရာ (Lohagara) မြို့နယ်တွင် ယနေ့ ဧပြီ ၂၈ ရက် နံနက်ပိုင်းက ခရီးသည်တင်ယာဉ်တစ်စီး လမ်းဘေးသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်ပါလာသည့် ရက္ခိုင်မျိုးနွယ်စုဝင် ဗုဒ္ဓဘာသာရဟန်းတော် နှစ်ပါးနှင့် လူပုဂ္ဂိုလ် ယာဉ်မောင်းတစ်ဦး စုစုပေါင်း သုံးဦး ယင်းနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နေ့က ခါဂါရာဆိုရီ (Khagrachari) မှ ကော့ဘဇား (Cox’s Bazar) သို့ ဘုရားဖူးခရီးထွက်ခွာလာသည့် ရဟန်းတော် ၅ ပါးနှင့် လူ ၂ ဦး (ယာဉ်မောင်းအပါအဝင်) စုစုပေါင်း ၇ ဦး လိုက်ပါလာသည့် Noa အမျိုးအစား မော်တော်ယာဥ်သည် ယနေ့ ဧပြီ ၂၈ ရက်၊ နံနက် ၉ နာရီခန့်တွင် အပြန်ခရီး၌ လိုဟာဂါရာမြို့နယ်၊ ချွန်တီ ဂျန်ဂါလီယာ (Chunti Jangalia) အရပ်ရှိ ကားလမ်းမကြီးဘေးသို့ အရှိန်လွန်ထိုးကျသွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဝမ်းနည်းဖွယ်ဖြစ်ရပ်ကြောင့် ပျံလွန်တော်မူသွားသည့် ဆရာတော်များနှင့် သေဆုံးသူများမှာ –
၁။ ခါဂါရာဆိုရီဆဒါး၊ ယောင်ဒ (Yongd) ဗုဒ္ဓဝိဟာရမှ ဒုတိယကျောင်းထိုင်ဆရာတော် ဦးသာရ (လူအမည်- ခေးချောင်မာမာ)၊
၂။ မာတီရန်ဂါ ချောင်ဒရီဂတ်၊ ဝါဆု (Wasu) ဗုဒ္ဓဝိဟာရကျောင်းထိုင်ဆရာတော် ဦးအဂ္ဂဓမ္မ
၃။ ယောင်ဒဝိဟာရ ကျောင်းထိုင်ဆရာတော်၏ ယာဉ်မောင်းဖြစ်သူ လာဗရေးမာမာ တို့ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အခြားရဟန်းတော် သုံးပါးနှင့် လူပုဂ္ဂိုလ် တစ်ဦးမှာလည်း ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ကြသဖြင့် အရေးပေါ်ကုသမှု ခံယူနေရသည်။
ဒဏ်ရာရရှိသူများမှာ ဗိုက်ဘွန်ချိုရာ (Vhaibonchara) ရှိ စီမံကိန်း ၈ ဝိဟာရ ကျောင်းထိုင်ဆရာတော် ဦးသုမိတ္တ၊ ဂါဂျန်တီလာ (Garjantila) ဝိဟာရ ဒုတိယကျောင်းထိုင်ဆရာတော် ဦးနန္ဒိယ နှင့် အမည်မသိရသေးသည့် လူပုဂ္ဂိုလ်တစ်ဦးတို့ ဖြစ်ကြသည်။
ပန်ချာရီ ချောင်ဒရီပါရာရှိ အဂ္ဂမေဓဝိဟာရ ကျောင်းထိုင်ဆရာတော် ဦးဣန္ဒသာရမှာမူ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ ဘေးကင်းလွတ်မြောက်ခဲ့သည်။
ယခုဖြစ်ရပ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ရခိုင်မျိုးနွယ်စုဝင်များအကြား ကြီးစွာသော ဆုံးရှုံးမှုတစ်ခုဖြစ်ပြီး ဒေသခံများက ဝမ်းနည်းပူဆွေးလျက်ရှိကြသည်။
လက်ရှိတွင် သေဆုံးသူများ၏ ရုပ်အလောင်းများကို သက်ဆိုင်ရာ မိသားစုဝင်များနှင့် ဝိဟာရကျောင်းတိုက်များသို့ ပြန်လည်အပ်နှံနိုင်ရန် စီစဉ်လျက်ရှိပြီး ဒေသခံရဲတပ်ဖွဲ့ကလည်း ယာဉ်မတော်တဆဖြစ်ပွားရသည့် အကြောင်းရင်းကို ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။