
AB News – ဧပြီ ၂၅၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယမန်နေ့ ဧပြီလ ၂၄ ရက် ညနေပိုင်းအချိန်တွင် ရွှံ့မီးတောင်တစ်ခု အရှိန်အဟုန်ဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
မီးတောင်ပေါက်ကွဲမှုသည် ဧပြီလ ၂၄ ရက်၊ ည ၁၁ နာရီဝန်းကျင်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ကျောက်ဖြူမြို့နယ်၊ စိုင်းခြုံဝကျေးရွာအနီးရှိ သစ်ပုတ်တောင် (ရေတပ်စခန်းအနီး)တွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
ယမန်နေ့ ညပိုင်းအချိန်တွင် ရုတ်တရက် မြေအောက်မှ အရှိန်ပြင်းစွာ ပေါက်ကွဲထွက်လာခြင်းဖြစ်ပြီး မီးတောင်ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာသော အလင်းရောင်နှင့် အသံကို အနီးနားဝန်းကျင် ကျေးရွာများမှ ဒေသခံများ မြင်တွေ့ကြားသိခဲ့ရသည်ဟု ဆိုသည်။
ရွှံ့မီးတောင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မီးတောင်ဝမှ ရွှံ့ပူများနှင့် ဓာတ်ငွေ့များ ဆက်လက်ထွက်ရှိ နိုင်သဖြင့် အနီးနားရှိ ဒေသခံများအနေဖြင့် အထူးသတိပြုကြရန် လိုအပ်ကြောင်း ဘူမိဗေဒပညာရှင်များက ဆိုကြသည်။
ကျောက်ဖြူဒေသသည် ရွှံ့မီးတောင်များ တည်ရှိရာဒေသတစ်ခုဖြစ်ပြီး ယခုကဲ့သို့ ပေါက်ကွဲမှုများမှာ ရံဖန်ရံခါ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၅ရက်နေ့ကလည်း စိုင်းခြုံကျေးဝရွာ အနီးတွင် ရွှံ့မီးတောင် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ရမ်းဗြဲကျွန်း၊ ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေးရွာအနီးတွင် ဝက်အင်းနဂါး ရွှံ့မီးတောင်အုပ်စု၊ ပန်းရှည်နဂါးရွှံ့မီးတောင်အုပ်စုနှင့် သပြေတောနဂါးရွှံ့မီးတောင်အုပ်စုအပါအဝင် ၃ ခုရှိပြီး ပန်းရှည်နဂါးရွှံ့မီးတောင်အုပ်စုနှင့် ဝက်အင်းနဂါးရွှံ့မီးတောင်အုပ်စုတို့မှာ အများဆုံးပေါက်ကွဲလေ့ရှိကြောင်း သိရသည်။
ရွှံ့မီးတောင်များ၏ အမြင့်များမှာ ပင်လယ်ရေမျက်နှာပြင်အထက် ၅၀ မီတာမှ ၆၀ မီတာခန့် အထိရှိပြီး ရွှံ့မီးတောင်သည် မီးတောင်ပေါက်ကွဲရန် ပံ့ပိုးပေးသည့် ကုန်းမြေထုလှုပ်ရှားမှုနှင့် မြေအောက်ဓာတ်ငွေ့များစုစည်းကာ ပေါက်ကွဲထွက်လာမှုတို့ကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း ဘူမိဗေဒ ပညာရှင်များက ဆိုကြသည်။