သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဧပြီလ တတိယသီတင်းပတ်အတွင်း အာရက္ခဒေသရှိ မြို့ ၄ မြို့ကို စစ်ကော်မရှင် ဗုံးကြဲတိုက်ခိုက်

AB News – ဧပြီ ၂၀၊ ၂၀၂၆
ဂျူလိုင်

အာရက္ခဒေသရှိ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးအပါအဝင် ပလက်ဝမြိုနယ်အတွင်းရှိ အရပ်သားပြည်သူများ နေထိုင်ရာ နေရာများသို့ စစ်ကော်မရှင်က ယခုရက်သတ္တပတ်အတွင်း ဂျက်ဖိုက်တာများကို အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း အာရက္ခတပ်တော် က ထုတ်ပြန်ထားသည်။

ယမန်နေ့ ဧပြီလ ၁၉ ရက်နေ့က ထုတ်ပြန်သော အဆိုပါ ထုတ်ပြန်ချက်တွင် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး စသည့်မြို့များအတွင်းရှိ အရပ်သားပြည်သူများ နေထိုင်သည့်များ၊ စာသင်ကျောင်း၊ ဆေးရုံး၊ ဆေးခန်း၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် ဘုန်းကြီးကျောင်းကဲ့သို့ ဘာသာရေးအဆောက်အအုံများအပြင် အရပ်သားပြည်သူများ သွားလာကြသည့် လမ်း၊ တံတားများအား စစ်ကော်မရှင်က ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့၊ နံနက် ၁၀ နာရီခန့်မှ ၁၀ နာရီခွဲ အချိန်အထိ စစ်ကော်မရှင်သည် ပုဏ္ဏားကျွန်းမြို့နယ်၊ ရေဖြူကန်ကျေးရွာရှိ ယခင်နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံဖြိုးရေးသင်တန်းကျောင်း(နတလ) သင်တန်းကျောင်း၊ ပုဏ္ဏားကျွန်းမြို့ ရွာဟောင်းပိုင်းရပ်ကွက်နှင့် လျှပ်စစ်ဓာတ်အားပေး/မီးခွဲရုံတို့အား ဂျက်ဖိုက်တာ ၃ စီးဖြင့် ၇ ကြိမ်တိုင် ရှေ့ဆင့်နောက်ဆင့်လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထိုဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးခွဲရုံ မီးလောင်ပျက်စီးခဲ့ပြီး၊ ရွာဟောင်းပိုင်းရပ်ကွက်ရှိ အရပ်သားလူနေအိမ် ၆ လုံး ပျက်စီးသွားကာ အပြစ်မဲ့ ပြည်သူ ၁ ဦး ထိခိုက်ဒက်ရာရရှိခဲ့သည်။

ထို့ပြင် ယမန်နေ့ ဧပြီလ ၁၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်အချိန်တွင်လည်း မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ကျေးရွာရှိ ကျောက်ဆည်ပြင် ဘုန်းတော်ကြီးကျောင်းကို စစ်ကော်မရှင်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ၂ ကြိမ်တိုင် လာရောက်၍ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အာရက္ခတပ်တော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း၊ သာသနိကအဆောက်အအုံများနှင့် လူနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ပြီး သံဃာတော်များအပါအဝင် အပြစ်မဲ့ပြည်သူ စုစုပေါင်း ၁၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် ဒေသခံပြည်သူများ ပိုင်ဆိုင်သည့် နွား ၅ ကောင် သေဆုံးပြီး တစ်ကောင် ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ဆိတ် ၁ ကောင် သေဆုံးခဲ့ရသည်။

အလားတူ ကျောက်တော်မြို့နှင့် ပလတ်ဝမြို့ရှိ အရပ်သားပြည်သူများ နေထိုင်သော နေရာများကို စစ်ကော်မရှင်သည် ဂျက်ဖိုက်တာ ၅ စီးနှင့် Y-12 ၂ စီးဖြင့် ရှေ့ဆင့်နောက်ဆင့် တစ်ချိန်တည်းတွင် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ပုံစာ – ယမန်နေ့ ဧပြီလ ၁၉ ရက်နေ့တွင် စစ်ကော်မရှင်လေတပ်မှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာ ဘုန်းကြီးကျောင်း မီးလောင်နေသည်ကို မြင်တွေ့ရခြင်း။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ