AB News ဧပြီ ၁၄၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မြောက်ဦးမြို့ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်တစ်ဆိုင်အား ဖောက်ထွင်း၍ ကျပ်သိန်း ၃၀၀ ကျော်တန်ဖိုးရှိ ပစ္စည်းများ ခိုးယူခဲ့သူ ၂ ဦးကို တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန ဒီလပ် က ခိုးရာပါပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများမှာ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်မှ မောင်ဆန်းမြင့် (ခ) စစ်တွေသား (၂၃ နှစ်) နှင့် သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တောရပ်ကွက်မှ မငြိမ်းငြိမ်းဦး (၂၅ နှစ်) တို့ ဖြစ်ကြသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က မြောက်ဦးမြို့၊ ကုန်သည်တန်းရပ်ကွက်ရှိ အလှကုန်ဆိုင်တစ်ဆိုင်တွင် ဆိုင်တံခါး သော့ခလောက် ၄ လုံး ဖြတ်တောက်ခံရကာ ဆိုင်အတွင်းရှိ ကျပ်သိန်း ၃၀၀ ကျော်တန်ဖိုးရှိ အလှကုန်ပစ္စည်းများ ခိုးယူခံခဲ့ရခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဆိုင်ပိုင်ရှင်ဖြစ်သူက မတ်လ ၃ ရက်နေ့တွင် တိုင်တန်းခဲ့သဖြင့် မြောက်ဦးမြို့မ ဒီလပ်စခန်းတွင် (ပ) ၁၃/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၄၅၇ ဖြင့် အမှုဖွင့်လှစ်ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
ဒီလပ်ဌာနက မြေပြင်စုံစမ်းမှုများ ပြုလုပ်နေစဉ်အတွင်း မြောက်ဦးမြို့မဈေးအတွင်း အမျိုးသမီးတစ်ဦးက အလှကုန်များကို ပေါက်ဈေးထက် လျော့ရောင်းနေကြောင်း သတင်းအရ မသင်္ကာသဖြင့် မငြိမ်းငြိမ်းဦးကို ခေါ်ယူစစ်ဆေးခဲ့သည်။
၎င်း၏ ထွက်ဆိုချက်အရ ရည်းစားဖြစ်သူ မောင်ဆန်းမြင့်နှင့် တိုင်ပင်ကာ အဆိုပါဆိုင်ကို ဖောက်ထွင်းခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သဖြင့် မင်းပြားမြို့ရှိ” နှင်း “တည်းခိုခန်းတစ်ခုတွင် မောင်ဆန်းမြင့်ကိုပါ ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရမိသူ ၂ ဦးသည် ယခုအမှုအပြင် ဖေဖော်ဝါရီလအတွင်းက မြောက်ဦးမြို့ပေါ်ရှိ ယူတိုပီးယားကွန်ပျူတာနှင့် ဖုန်းအရောင်းဆိုင်မှ ကျပ်သိန်း ၁၃၀ ဖိုးနှင့် မြောက်ဦးပဲလေ့စ်ဝင်းအတွင်းရှိ ဖုန်းဆိုင်တစ်ဆိုင်မှ ကျပ်သိန်း ၁၉၀ ဖိုးတို့ကိုလည်း ဖောက်ထွင်းခိုးယူခဲ့သူများဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
လက်ရှိတွင် တရားခံ ၂ ဦးအား ဒီလပ်လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုဖွင့်အရေးယူထားပြီး ဥပဒေအကြံပြုချက်ရယူကာ တရားစွဲဆိုတင်ပို့သွားမည်ဖြစ်ကြောင်း အာရက္ခမှုခင်းနှင့် ဆက်စပ်သတင်းများ ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ပြည်သူများအနေဖြင့်လည်း မိမိတို့ရပ်ရွာအတွင်း ဖောက်ထွင်းခိုးယူမှုများ ကာကွယ်နိုင်ရန် လုံခြုံရေးအသိဖြင့် ပူးပေါင်းဆောင်ရွက်ကြပါရန်နှင့် မသင်္ကာဖွယ်ရာရှိပါက နီးစပ်ရာ ဒီလပ်စခန်းများသို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း နှိုးဆော်ထားသည်။
Photo – အာရက္ခမှုခင်းနှင့်ဆက်စပ်
သတင်းများ ထုတ်ပြန်ရေးအဖွဲ့



