AB News- မတ် ၂၄၊ ၂ဝ၂၆
ထိုင်းနိုင်ငံတွင် တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၂ ဦးပါသည့် ဖို့ဒ်ကားကို ရဲတပ်ဖွဲ့များ လိုက်လံဖမ်းဆီးသဖြင့် မောင်းပြေးရာမှ ချွန်ဖွန်ခရိုင်၊ ဝမ်မိုင်ကျေးရွာအနီးတွင် အဆိုပါကား ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကာ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြကြသည်။
ယမန်နေ့ မတ်လ ၂၃ ရက်နေ့တွင် ထိုင်းရဲတပ်ဖွဲ့များက စစ်ဆေးရေးဂိတ်အနီး၌ စစ်ဆေးမှုများပြုလုပ်နေစဉ် အဖြူရောင် ဖို့ဒ် ပစ်ကပ်ကား ၁ စီးသည် အစစ်အဆေးမခံဘဲ မောင်းပြေးသည့်အတွက် အဝေးပြေးရဲတပ်ဖွဲ့ကို အကြောင်းကြားပြီး ပိတ်ဆို့ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲများက ဆိုကြသည်။
အဆိုပါကားကို အသက် ၂၈ နှစ်အရွယ် ထိုင်းနိုင်ငံသားဖြစ်သူ နိုင်ကန်တာဖွန်း (Nai Kantaphon) မောင်းနှင်လာခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးသဖြင့် ကီလိုမီတာ ၂၀ ခန့် လမ်းပြောင်းပြန်မောင်းကာ ထာစဲ့ခရိုင်မှ မောင်းမြို့နယ်ဘက်သို့ သွားသည့်လမ်းအတိုင်း မောင်းပြေးခဲ့ပြီး ဝမ်မိုင်ကျေးရွာအနီးပတ်ဝန်းကျင်သို့ အရောက်တွင် အရှိန်မထိန်းနိုင်သဖြင့် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထိုင်းနိုင်ငံသား ကားမောင်းနှင်သူ၏ ထွက်ဆိုချက်အရ အဆိုပါ တရားမဝင်မြန်မာလုပ်သား ၁၂ ဦးကို ဆမွန်စခွန်ခရိုင်၊ မဟာချိုင်နယ်မြေမှ ဆုန်ခလာခရိုင်၊ ဟတ်ယိုင်မြို့သို့ သွားရောက်ပို့ဆောင်ပေးရမည်ဖြစ်ပြီး ပို့ဆောင်ခ ဘတ် ၈၀၀၀ ရရှိထားကြောင်း ထွက်ဆိုထားသည်။
လက်ရှိတွင် ဖမ်းဆီးခံရသည့် ယာဉ်မောင်းသမားနှင့် မြန်မာနိုင်ငံသား ၁၂ ဦးကို Salui ရဲစခန်းကို ပို့ဆောင်ထားပြီး ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကာ မှောင်ခိုပို့ပေးသည့် လူမှောင်ခိုဂိုဏ်းများကိုလည်း စုံစမ်းဖော်ထုတ်သွားမည်ဟု ပြောကြားထားသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုများ၊ ပြည်တွင်းစစ်ရေးအခြေအနေများ၊ ရသည့်လစာနှင့် မိသားစုစားဝတ်နေရေးမဖူလုံမှုများကြောင့် နိုင်ငံသားများမှာ ထိုင်း၊ မလေးရှား၊ တရုတ် စသည့် အလုပ်အကိုင်ပေါများသည့်နိုင်ငံများသို့ လူမှောင်ခိုဂိုဏ်းများမှ တဆင့် တရားမဝင် ဝင်ရောက်ကာ ငွေရှာနိုင်ရေးအတွက် အလုပ်လုပ်ကိုင်နေကြရခြင်းဖြစ်သည်။



