
AB News – မတ် ၁၈၊ ၂၀၂၆
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ဆီစာကျေးရွာရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တစ်ခုတွင် မြေစာပုံပြိုကျမှုကြောင့် အလုပ်သမား ၅ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ မတ်လ ၁၇ ရက်နေ့၊ ညနေ ၄ နာရီကျော်ခန့်အချိန်တွင် ကျောက်စိမ်းလုပ်ကွက်တစ်ခုအတွင်း အလုပ်သမားများ အလုပ် လုပ်ကိုင်နေစဉ် မြေစာပုံများ ပြိုကျကာ သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ မြေစာပုံပြိုကျမှုကြောင့် ကုမ္ပဏီဝန်ထမ်းများအပါအဝင် ရေမဆေးကျောက်တူးအလုပ်သမား ၅ ဦး သေဆုံးခဲ့သည်။
ဖားကန့်ဒေသရှိ ယခုရက်ပိုင်းအတွင်း မိုးအနည်းငယ်ရွာသွန်းမှုကြောင့် မြေစာပုံများ ပျော့ပျောင်း၍ မြေပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့တွင် လည်းဖားကန့်မြို့၊ မျောက်ဖြူကျေးရွာတွင် မြေစာပြိုကျမှုကြောင့် အမျိုးသား ၁ ဦး သေဆုံးခဲ့ရသည်။
အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင်လည်း ဖားကန့်မြို့နယ်၊ ရွှေမှော်တွင် မြေစာပုံပြိုကျ၍ အမျိုးသား၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့သည်။