
AB News မတ် ၁၈၊ ၂၀၂၆
ရက္ခိုင်ရေပိုင်နက်အတွင်း တရားမဝင်ခိုးဝင်ငါးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၇၃ ဦးအား ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် အာရက္ခတပ်တော်မှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ လွှဲပြောင်းပေးခဲ့ပြီးနောက် တရားမဝင် ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ ဦးကို အာရက္ခကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
ယမန့်နေ့ မတ်လ ၁၇ ရက်နေ့၊ နံနက် ၈နာရီခန့်တွင် နတ်မြစ်ဝနှင့် မီတာ ၈၅၀ ခန့်အကွာ၌ ငါးခိုးဖမ်းနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ ဦးနှင့်အတူ ၎င်းတို့စီးနှင်လာသည့် ငါးဖမ်းဘုတ်ကိုပါ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ခိုးဝင်ငါးဖမ်းသူများကို တရားဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးမှုများပြုလုပ်နိုင်ရန် ထိန်းသိမ်းထားကြောင်းနှင့် ရေပိုင်နက်ကျူးကျော်သူများကို အာရက္ခတပ်ကမ်းခြေစောင့်တပ်ဖွဲ့က အချိန်ပြည့်စောင့်ကြည့်မှုများနှင့် ဖမ်းဆီးမှုများလုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
အလားတူ အာရက္ခတပ်တော်က ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပြန်လွှဲပြောင်းပေးခဲ့သည့် ခိုးဝင်ငါးဖမ်းသူ ၇၃ ဦးမှာ ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်များအတွင်းက အာရက္ခရေပိုင်နက်ထဲသို့ တရားမဝင် ကျူးကျော်ဝင်ရောက်ကာ ငါးခိုးဖမ်းဆီးနေစဉ် အာရက္ခကမ်းခြေစောင့်တပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသူများဖြစ်သည်။
အဆိုပါ ဖမ်းဆီးထိန်းသိမ်းခံရသူများအား ဘင်္ဂလားဒေ့ရှ်ဘက်သို့ မလွှဲပြောင်းပေးမီ ရက္ခိုင့်ရေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်ခြင်း လုံးဝပြုလုပ်တော့မည်မဟုတ်ကြောင်းကို ဥပဒေကြောင်းအရ ခံဝန်ကတိလက်မှတ်ရေးထိုးစေခဲ့ပြီး ၎င်းတို့၏ ဘာသာရေးအစဉ်အလာနှင့်အညီ ကုရ်အာန်ကျမ်းစာကို ကိုင်ဆောင်ကာ နောက်နောင်တွင် အာရက္ခရေပိုင်နက်သို့ တစ်စုံတစ်ရာ ကျူးကျော်မှုမပြုရန် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြကြောင်း သိရှိရသည်။