
AB News – မတ် ၁၈၊ ၂၀၂၆
မြန်မာနိုင်ငံသားများ နိုင်ငံခြားသို့ သွားရောက်၍ အလုပ်လုပ်ကိုင်မှု၊ စစ်မှုမထမ်းလို၍ ရှောင်ပြေးမှု၊ အကြောင်းအမျိုးမျိုးဖြင့် ပြည်ပထွက်ခွာမှုများကို ထိန်းချုပ်သည့် အနေဖြင့် နိုင်ငံကူးလက်မှတ်များကို တင်းကျပ်စွာ စိစစ်ထုတ်ပေးရန် စစ်ကော်မရှင်က နိုင်ငံကူးလက်မှတ်ဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်း လိုက်ကြောင်းသိရသည်။
အဆိုပါဥပဒေအရ နိုင်ငံအကျိုးစီးပွားကို နှောင့်ယှက်ဖျက်ဆီးနိုင်သည်ဟု ယူဆရသူ၊ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုထားပြီး သတ်မှတ်ကာလ မပြည့်သေးသူများကို နိုင်ငံကူးလက်မှတ်မထုတ်ပေးရေးအပါအဝင် ပြစ်မှုအလိုက် ထောင်ဒဏ်နှင့် ငွေဒဏ်များချမှတ်နိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်း၊ အသုံးပြုခြင်း၊ သက်တမ်းတိုးခြင်း၊ ငြင်းပယ်ခြင်း(သို့)ပယ်ဖျက်ခြင်းတို့ကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ရန်၊ မြန်မာနိုင်ငံကူးလက်မှတ် စနစ်တကျထုတ်ပေးခြင်းဖြင့် အမျိုးသားလုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရန်၊ ပြည်ပနိုင်ငံသို့ခရီးသွားလာခြင်းကို စနစ်တကျ စီမံခန့်ခွဲရန်၊ နိုင်ငံကူးလက်မှတ် ပျောက်ဆုံးခြင်း(သို့) ပျက်စီးခြင်းဖြစ်ပါက ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန်၊ ပတ်စ်ပို့ အတုပြုလုပ်ခြင်း၊ ပြောင်းလဲခြင်း၊ ဖျက်ဆီးခြင်း(သို့)တစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်းတို့ကို ဥပဒေနှင့်အညီ ကာကွယ်နိုင်ရန် အဆိုပါဥပဒေကို ဖွဲ့စည်းပုံအခြေခံပုဒ်မ ၄၂၇ အရ ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအပြင် နိုင်ငံကူးလက်မှတ်လျှောက်ထားခွင့်ရှိသူဖြစ်ကြောင်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသူ၊ နိုင်ငံသားအဖြစ်မှ ရပ်စဲခံရသူ၊ ပြစ်ဒဏ်ကျခံနေရသူ၊ နိုင်ငံတော်၏ အကျိုးစီးပွားကို နှောင့်ယှက်ဖျက်ဆီးနိုင်သည်ဟု ယူဆရသူ၊ ပုဒ်မ ၄၀၁ (၁) အရ ပြစ်ဒဏ်လွတ်ငြိမ်းပြုထားပြီး သတ်မှတ်ကာလ မပြည့်သေးသူ၊ တရားရုံးမှ ခံဝန်ချုပ် ချုပ်ထားသည့်ကာလ မပြည့်သေးသူများအား ပတ်စ်ပို့ထုတ်ပေးခြင်း ပယ်ဖျက်မည်ဟုလည်း ဖော်ပြထားသည်။
အဆိုပါ ဥပဒေတွင် ပြစ်မှုနှင့် ပြစ်ဒဏ်များအလိုက် ကျူးလွန်မှုအပေါ် လိုက်၍ အများဆုံးထောင်ဒဏ်(၅)နှစ်နှင့် အများဆုံးငွေဒဏ်ကျပ် (၁၅)သိန်းအထိ ချမှတ်နိုင်ကြောင်း သိရသည်။
စစ်ကော်မရှင်က မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ကို ပြည်ထဲရေးဝန်ကြီးဌာန၏ ဒု-ဝန်ကြီးမှ ဥက္ကဋ္ဌတာဝန်ယူပြီး အတွင်းရေးမှူးအပါအဝင် အဖွဲ့ဝင် ၁၀ ဦးတို့ဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။