သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့နယ်တွင် ဥစားကြက်မွေးမြူရေးလုပ်ငန်းများ ပြန်လည်ပတ်လာ

AB News – မတ် ၁၈၊ ၂၀၂၆

ရက္ခိုင်ပြည်တွင် တကျော့ပြန်တိုက်ပွဲကြောင့် ဆက်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့ခံခဲ့ရကာ ရပ်တန့်လုနီးပါးဖြစ်ခဲ့ရသည့် ဥစားကြက်မွေးမြူရေးလုပ်ငန်းများမှာ ယခုအခါ ပြန်လည် လည်ပတ်လာနေပြီဖြစ်ကြောင်း မွေးမြူရေးလုပ်ငန်းရှင်များထံမှ သိရသည်။

ပြီးခဲ့သည့် ၂ နှစ်တာကာလအတွင်း စစ်ရေးနှင့် လမ်းခရီးပိတ်ဆို့မှုများကြောင့် ကြက်သားပေါက်များ ဝယ်ယူရန် ခက်ခဲခဲ့သော်လည်း ယခုအခါတွင် ဒေသခံမွေးမြူရေးသမားများက နည်းလမ်းမျိုးစုံဖြင့် ကြက်သားပေါက်များ ပြန်လည်တင်သွင်းကာ မွေးမြူလာကြခြင်းဖြစ်သည်။

ဥစားကြက်ပေါက်တစ်ကောင်လျှင် ပြည်ပဈေးကွက်၌ (၄,၀၀၀) ကျပ်ဝန်းကျင်သာ ရှိသော်လည်း ရက္ခိုင်ဒေသသို့ အရောက်တွင် ကုန်သည်များထံမှ (၈,၅၀၀) ကျပ်ခန့်အထိ ဈေးပေးဝယ်ယူနေကြရကြောင်း သိရသည်။

ထို့ပြင် အိန္ဒယဘက်မှ ဝင်လာသည့် ကြက်ဥ ၁ လုံးကို ၅၀၀ ကျပ်သာရှိပြီး ဒေသတွင်းရှိ မွေးမြူရေးကြက်ဥ ၁ လုံးကို (၈၀၀) ကျပ် ပေါက်စျေးရှိကြောင်း သိရသည်။

ကြက်သားပေါက်ကလေးများကို မွေးမြူရာတွင် အပူပေးသည့် (မီးကင်သည့်) ၃ လ တာကာလ၌ ပြင်ပမှ ပိုးမွှားများနှင့် ရောဂါများ မဝင်ရောက်နိုင်ရန်အတွက် အဖြူရောင်မိုးကာများဖြင့် စနစ်တကျ ကာရံချုပ်လုပ်ကာ ဂရုတစိုက် မွေးမြူနေကြရသည်။

မင်းပြားမြို့နယ်မှ ကြက်ခြံပိုင်ရှင် ဦးထိန်လင်းက ၎င်း၏ခြံတွင် ကြက်အကောင်ရေ (၅၀၀) ခန့် မွေးမြူထားကြောင်းနှင့် လက်ရှိတွင် ကြက်သားနှင့် ကြက်ဥထုတ်လုပ်မှုအပိုင်း၌ တခြားမွေးမြူရေးခြံပိုင်ရှင်များကဲ့သို့ အခြေအနေကောင်းမွန်လာမည်ကို မျှော်လင့်ကြောင်း AB News သို့ ပြောသည်။

”ကျနော်က အခုမှ ဥစားကြက်မွေးမြူရေးလုပ်တာပါ။ ဟိုတုန်းကတေ့ာ အသားစားကြက် မွေးမြူရေးလုပ်တယ်။ အခုက အသားစားကြက်မွေးမြူရေးလုပ်လို့ အဆင်မပြေဘူးလေ။ ကျနော်မှာတေ့ာ ဥစားကြက် ၅၀၀ ရှိတယ်။ အဲဒီကြက်ပေါက်လေးတွေ ၃ လခန့် အစာအတွက်တေ့ာ ပြည်ပက ဝယ်ယူရတယ်။ နောက်ဆိုတေ့ာ တိရစ္ဆာန်ဆရာဝန်တွေထံက ဝယ်ယူပြီးတေ့ာ ကျွေးတယ်။ အစာတွက်ကတေ့ာ အခက်ခဲ့မရှိဘူး အဆင်ပြေတယ်။ ဒါပေမယ့် ပြည်ပက ဝင်တဲ့ကြက်ဥတွေက စျေးနည်းတေ့ာ ထင်သလောက် ရောင်းအားမကောင်းကြဘူး” ဟု ၎င်းကဆိုသည်။

ဥစားကြက် မွေးမြူရာတွင် ၃ လခန့်အောက်သာရှိသော ကြက်များအတွက်သာ ပြည်ပမှ ကြက်စာကို ဝယ်ယူသုံးစွဲကြရပြီး ၃ လကျော်ကြက်များအတွက် ပြည်တွင်းမှ တိရစ္ဆာန်ဆရာဝန်များထံမှ ဝယ်ယူသုံးစွဲကြောင်း သိရသည်။

ပြည်ပမှ ဝယ်ယူရသော ကြက်စာ ၁ အိတ်စျေးနှုန်းမှာ ၃ သိန်းခွဲဝန်းကျင်ခန့်ရှိပြီး ကြက်အကောင် ၅၀၀ အတွက် ၃ လတွင် ၅ အိပ်ခန့် မှာယူသုံးစွဲရကြောင်းလည်း သိရသည်။

ထို့ပြင် ဥစားကြက်များ ရောဂါဖြစ်ပွားမှုနှုန်း နည်းပါးအောင် ကြက်ခြံအတွင်း ပေါင်းသတ်ဆေးများကို အသုံးပြုရပြီး လိုအပ်သည်များကိုလည်း တိရိစ္ဆာန်ဆရာဝန်များမှ ညွှန်ကြားပေးကြောင်း သိရသည်။

ယခုကဲ့သို့ ဒေသတွင်း ဥစားကြက်မွေးမြူရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်လာခြင်းကြောင့် ပြည်ပမှ ဝယ်ယူကြရသော ကြက်ဥအရေတွက်ကိုလည်း လျော့ချလာနိုင်မည်ဟု ရက္ခိုင်ဒေသတွင်း ဥစားကြက်မွေးမြူရေးလုပ်ကိုင်သူများက မျှော်လင့်နေကြသည်။

ပုံစာ – မင်းပြားမြို့နယ်အတွင်းရှိ ဥစားကြက်ခြံမွေးမြူရေးခြံများတွင် ကြက်သားပေါက်များ မွေးမြူဖြစ်ထွန်းနေခြင်း။(ဓာတ်ပုံ – ချန်ဒြာ/Arakan Bay News)

ArakanBayNews #AB_News #ဥစားကြက်မွေးမြူရေး #ပြန်လည်လည်ပတ်လာ #Minbya_Town #Rakhine #RegionControlledByAA

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ