သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးတွင် ဓားခုတ်မှုဖြစ်ပွား၍ အမျိုးသား ၁ ဦး သေဆုံး၊ ကျူးလွန်သူများအား DLEPS ဖမ်းဆီးထား

AB News – ဩဂုတ် ၆၊ ၂၀၂၅
နွယ်စိုး

ရက္ခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဓားခုတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ အသက် ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း AB News က စုံစမ်းသိရှိရသည်။

သေဆုံးသူမှာ မြောက်ဦးမြို့နယ်၊ ပါးတော်ကျေးရွာမှ ဦးစိန်လှအောင်၏သား ဦးမောင်သိန်းချေဖြစ်ပြီး မြောက်ဦးမြို့၊ ဘားဘူတောင်ရပ်ကွက်တွင် ရွှေ့ပြောင်း နေထိုင်သူဖြစ်ကြောင်း သိရသည်။

ဩဂုတ်လ ၅ ရက်နေ့ ၊ ည ၈ နာရီခန့်တွင် ဦးမောင်သိန်းချေသည် အရက်သောက်ပြီး ၎င်း၏ နေအိမ်ခြံဝင်းအနီး လမ်းမပေါ်တွင် ဆဲဆိုနေခဲ့သည်။

ယင်းအချိန်တွင် ညီအစ်ကို ၃ ဦးက ဓားရှည်များဖြင့် သူ၏ နေအိမ်ထဲသို့ ဝင်ရောက်ကာ ခုတ်သတ်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင် သက်သေတစ်ဦးက AB News သို့ ပြောသည်။

” ဦး​မောင်သိန်း​ချေဟာ အရက်အနည်းငယ်သောက်ထားပါတယ်။ သူရဲ့ခြံဝင်းအပြင်ဘက်ကနေပြီးတော့ မင်းတို့ ထောက်လှမ်းရေး ခေတ်တုန်းကလို AA ခေတ်မှာ လုပ်လို့မရတော့ဘူးလို့ ဆိုပြီး အရင် ရန်ငြိုးရန်စရှိသူတွေကို ဆဲဆိုတာကို ကျမတို့ ကြားရပါတယ်။ ပြီးတော့ သူရဲ့​ခြံဝန်းထဲ ပြန်ဝင်သွားပါတယ်။ အဲဒီအချိန်မှာ ညီအစ်ကို ၃ ယောက်က ဓားရှည်တွေ ကိုင်ဆောင်ပြီး မင်းကို ငါတို့ ခုတ်မယ် လို့ အော်ဟစ်ကာ သူ့ခြံထဲကို ဆင်းသွားတာကို တွေ့ခဲ့ရပါတယ်။ ကျမတို့ လိုက်ဆင်းကြည့်တဲ့အခါမှာတော့ ဦးမောင်သိန်းချေကို ဓားခုတ်ဒဏ်ရာတွေနဲ့ တွေ့ရတယ်။ ဗိုက်ပေါက်ကာ အူတွေထွက်နေပေမဲ့ သူ အသက်ရှင်နေပါသေးတယ် “ဟုဆိုသည်။

တရားခံများမှာ မြောက်ဦးမြို့နယ်၊ ဆူးရစ်ချောင်းကျေးရွာမှ ပြောင်းရွှေ့လာသော ဦးမောင်စံကျော်၏သားများဖြစ်သည့် အသက် ၂၆ နှစ်ဝန်းကျင် မောင်အောင်သူငြိမ်း၊ အသက် ၂၄ နှစ်ဝန်းကျင် မောင်လင်းကျော်ထူး နှင့် အသက် ၃၀ ကျော်အရွယ်ရှိ ဦးဇော်နိုင်ဦးတို့ ဖြစ်ကြောင်း သိရှိရသည်။

သေဆုံးသူ ဦးမောင်သိန်းချေနှင့် တရားခံများသည် အိမ်နီးချင်းများဖြစ်ကြပြီး လွန်ခဲ့သည့် ၅ နှစ်ခန့်က အိမ်ခြံမြေကိစ္စဖြင့် ရန်ငြိုးရန်စ ရှိခဲ့ဖူးကြောင်း ဒေသခံများက ပြောသည်။

တရားခံများ၏ မိသားစုက နေအိမ်ကို တိုးချဲ့ဆောက်လုပ်ခဲ့ရာ ဦးမောင်သိန်းချေ၏ အိမ်မှာ ယိမ်းယိုင်ပြီး အုတ်နံရံများ အက်ကွဲခဲ့​​ပြီး ၎င်းကိစ္စများ​ဖြင့် ဆဲဆိုခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသူ၏ ဇနီးဖြစ်သူ ဒေါ်အေးယိုင်နုက “အိမ်ထဲထိ ဝင်လာပြီး ကျမအိမ်ရှင်ကို သတ်သွားတဲ့သူတွေကို အရေးယူပေးစေချင်တယ်။ တရားမျှတမှု ရရှိစေချင်ပါတယ် “ဟု တောင်းဆိုထားသည်။

ဦးမောင်သိန်းချေသည် ဒဏ်ရာ ပြင်းထန်မှုကြောင့် ဆေးကုသမှုခံယူနေစဉ် ယနေ့ ဩဂုတ်လ ၆ ရက်နေ့၊ နံနက် ၈ နာရီခန့်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

မှုခင်း​ဖြစ်စဥ်အတွင်း ကျူးလွန်ခဲ့သည့် ညီအစ်ကို ၃ ဦးကို အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရ၏ DLEPS အဖွဲ့က ​​နေ့ချင်းဖမ်းဆီးခဲ့ပြီး လက်ရှိတွင် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ