သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သံတွဲမြို့နယ် ၊ဆင်ခေါင်းရွာ ကို စစ်ကောင်စီက ဂျက်တိုက်လေယာဥ်ဖြင့် (၂) ရက်ဆက်တိုက် ထပ်မံ ဗုံးကြဲတိုက်ခိုက် ၊ ကျောင်းထိုင်ဆရာတော် ဒဏ်ရာပြင်းထန် ရရှိပြီး ဘုန်းကြီးကျောင်းလည်းပျက်စီး
စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသွားသည့် ဆင်ခေါင်းကျေးရွာ ကျောင်းထိုင်ဆရာတော်အား တွေ့ရစဥ်/APM

AB News – အောက်တိုဘာ ၃၀ ၊ ၂၀၂၄

ရက္ခိုင်ပြည် ၊ သံတွဲမြို့နယ် ၊ ဆင်ခေါင်းရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက (၂) ရက်ဆက်တိုက် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကျောင်းထိုင်ဆရာတော် ဗုံးစထိမှန်ကာ ဒဏ်ရာပြင်းထန်ရရှိသွားပြီး ဘုန်းကြီးကျောင်းလည်း ပျက်စီးသွားခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ အောက်တိုဘာလ ၂၉ ရက်နေ့ ၊ နေ့လည် ၂ နာရီ ၁၉ မိနစ်တွင် တစ်ကြိမ် နှင့် ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့ ၊ နေ့လည် ၁၂ နာရီ ၁၂ မိနစ်မှာ တစ်ကြိမ် ဖြင့် အကြမ်းဖက်စစ်ကောင်စီက ဆင်ခေါင်းရွာ ဘုန်းကြီးကျောင်းအား နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“စစ်ကောင်စီက ကျမတို့ရွာကို နှစ်ရက်ဆက်တိုက် ဂျက်နဲ့ဗုံးလာကြဲတာ။ နှစ်ရက်လုံး ရွာဦးဘုန်းကြီးကျောင်းမှာကျတယ် ။ မနေ့က ဗုံးကြဲတာမှာ ရွာဦးကျောင်းက ဆရာတော်ဘုရား ဗုံးစထိမှန်သွားတယ် ။ကျမတို့ ရွာဦးကျောင်းလည်း ပျက်စီးသွားပါတယ်” ဟုဆိုသည်။

ဗုံးထိမှန်၍ ပျက်စီးသွားသည့် ဆင်ခေါင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းအားတွေ့ရစဥ်/APM

ဗုံးစထိမှန်၍ ဒဏ်ရာရရှိသော ဆရာတော်မှာ ဆင်ခေါင်းရွာ၏ ရွာဦးကျောင်းထိုင်ဆရာတော်  သက်တော် (၅၈)နှစ်အရွယ်ရှိ အရှင်သီရီတေဇ​ဖြစ်သည်။

ဆရာတော်၏ ဦးခေါင်း၊ မျက်နှာ၊ လည်ဂုတ်နှင့် ခြေထောက်တို့တွင် ဗုံးစထိမှန်၍ ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၅ ရက်နေ့ကလည်း ဆင်ခေါင်းရွာကို အကြမ်းဖက်စစ်ကောင်စီက ဂျက်တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် စာသင်ကျောင်း ပျက်စီးသွားခဲ့ရသည်။

ရက္ခိုင်တွင် စစ်ရှုံးနေသည့် အကြမ်းဖက် စစ်ကောင်စီသည် သာသနိက အဆောက်အဦးများအား ပစ်မှတ်ထားတိုက်ခိုက်လာခြင်းကြောင့် ကျောင်းထိုင်ဆရာတော်များနှင့် ဘုန်းတော်ကြီးကျောင်းများတွင် စစ်ဘေးရှောင်နေကြသည့် ပြည်သူများ ထိခိုက်သေဆုံးမှု ယခုလပိုင်းအတွင်း မြင့်တက်လျှက်ရှိသည်ကိုတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ