သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သံတွဲနှင့် ဂွမြို့နယ်တို့အား စစ်ကော်မရှင်မှ လေယာဥ်အုပ်စုလိုက်ဖြင့် ထပ်မံဗုံးကြဲ၊ စစ်ဘေးရှောင် ပြည်သူ ၁ ဦး သေဆုံးပြီး ၂၂ ဦး ဒဏ်ရာရ

AB News – ဩဂုတ် ၂၂၊ ၂၀၂၆

ရက္ခိုင်​ပြည်၊ သံတွဲမြို့နယ်နှင့် ဂွမြို့နယ်ရှိ စစ်ဘေးရှောင်များနှင့် အရပ်သားပြည်သူများနေထိုင်ရာ နေရာများကို စစ်ကော်မရှင်တပ်မှ လေယာဉ်အုပ်စုလိုက်ဖြင့် ညအချိန်မတော် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အပြစ်မဲ့ပြည်သူ ၁ ဦး သေဆုံးပြီး ၂၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ယနေ့ (ဩဂုတ် ၂၂ ရက်) တွင် ထုတ်ပြန်လိုက်သည်။

ယမန်နေ့ (ဩဂုတ် ၂၁ ရက်) ညသန်းခေါင်ယံအချိန် အများပြည်သူ အိပ်မောကျနေချိန်တွင် သံတွဲမြို့နယ်၊ ငပလီမြို့ရှိ စစ်ကော်မရှင်တပ်စခန်းနေရာဟောင်းများဖြစ်ကြသည့် ခလရ (၅၅)၊ ခမရ (၅၆၆) တပ်ရင်းများနှင့် အရပ်သားများ၊ စစ်ဘေးရှောင်များ ခိုလှုံနေထိုင်ရာ ပတ်ဝန်းကျင်များကို ဂျက်တိုက်လေယာဉ် ၈ စီး၊ Y-12 ၁ စီး၊ Y-8 ၁ စီး စုစုပေါင်း လေယာဉ် ၁၀ စီးဖြင့် ဗုံးအလုံးရေ ၁၀၀ ခန့် အုပ်စုလိုက် ကြဲချခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ နံနက် ၁ နာရီ ၅၇ မိနစ်မှ ၃ နာရီ ၁၈ မိနစ်အထိ ၁ နာရီကျော်ကြာ တိုက်ခိုက်မှုအတွင်း ငပလီမြို့၌ စစ်ဘေးခိုလှုံနေသည့် ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ထို့ပြင် နံနက် ၅ နာရီခန့်တွင်လည်း ဂွမြို့နယ်၊ ညောင်ချောင်းကျေးရွာသို့ ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ၂ ကြိမ် လာရောက်ဗုံးကြဲခဲ့သည်။

ပထမအကြိမ် နံနက် ၅ နာရီ ၁ မိနစ်အချိန်တွင် ညောင်ချောင်းကျေးရွာ အထက်တန်းကျောင်းသို့ ပေါင် ၅၀၀ ဗုံး ၁ လုံး ကြဲချခဲ့သဖြင့် စာသင်ကျောင်းဆောင်တစ်လုံး လုံးဝပျက်စီးခဲ့ပြီး ခေတ္တခိုလှုံနေသည့် စစ်ဘေးရှောင် ၇ ဦး ဒဏ်ရာရရှိခဲ့သည်။

ဒုတိယအကြိမ် နံနက် ၅ နာရီ ၅ မိနစ်အချိန်တွင် ညောင်ချောင်းကျေးရွာရှိ ဓမ္မရက္ခိတ ဘုန်းကြီးကျောင်းသို့ ဗုံး ၁ လုံး ထပ်မံကြဲချခဲ့၍ အရပ်သား ၁ ဦး ဒဏ်ရာရကာ ဘုန်းကြီးကျောင်းဆောင်များ၊ ပြည်သူ့နေအိမ် ၃ လုံး၊ ပဲဆီကြိတ်စက် ၁ လုံး၊ ဆိုင်ကယ် ၁ စီးနှင့် စက်ဘီး ၁ စီးတို့ ပျက်စီးဆုံးရှုံးခဲ့သည်။

စစ်ကော်မရှင်တပ်သည် စစ်ရေးနှင့် မသက်ဆိုင်သော အရပ်သားပြည်သူများ နေထိုင်ရာနေရာများကို လေကြောင်းမှ ဆက်တိုက်တိုက်ခိုက်နေသဖြင့် ဒေသခံပြည်သူများအနေဖြင့် လေကြောင်းနှင့် ရေကြောင်းအန္တရာယ်များကို ယခင်ထက် ပိုမိုသတိပြုကြရန် အာရက္ခတပ်တော်က ထပ်မံအသိပေး နှိုးဆော်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ