သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်ဝန်ကြီးချုပ်ဟောင်း၏ သမီး မမိုးဆန်းစုကြည်ကို အကြမ်းဖက်ဥပဒေဖြင့် ထောင် ၅ နှစ် ထပ်မံချမှတ်

AB News – ဇူလိုင် ၇၊ ၂၀၂၆

ရက္ခိုင်ပြည်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ သမီးဖြစ်သူ မမိုးဆန်းစုကြည်ကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် အင်းစိန်အကျဉ်းထောင်အတွင်းရှိ အထူးတရားရုံးက ယမန်နေ့ ဇူလိုင် ၆ ရက်တွင် ထောင်ဒဏ် ၅ နှစ် ထပ်မံချမှတ်ခဲ့ကြောင်း သိရသည်။

မမိုးဆန်းစုကြည်သည် ယခင်က ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နှင့် မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁)တို့ဖြင့် ထောင်ဒဏ် ၆ နှစ် ချမှတ်ခံထားရသူဖြစ်ပြီး ပြစ်ဒဏ်သက်တမ်းပြည့်၍ လွတ်မြောက်ရန် ရောက်ရှိချိန်တွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် ထပ်မံတရားစွဲဆိုခံခဲ့ရခြင်း ဖြစ်သည်။

မိုးဆန်းစုကြည်ကို သာယာဝတီအကျဉ်းထောင်မှ အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွှေ့ပြီးနောက် အမှုအသစ်ဖြင့် စီရင်ချက်ချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါအမှုကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လအတွင်း ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူးက တရားလိုအဖြစ် တင်သွင်းခဲ့ပြီး အင်းစိန်အကျဉ်းထောင်အတွင်းရှိ တရားရုံးတွင် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)သည် ပြစ်မှုထင်ရှားပါက အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံး ၇ နှစ်အထိ ချမှတ်နိုင်သည့် ပြဋ္ဌာန်းချက်ဖြစ်သည်။

ဥပဒေရေးရာ လေ့လာသူအချို့က ပြစ်ဒဏ်သက်တမ်းပြည့်ပြီးနောက် အမှုအသစ်ဖြင့် ဆက်လက်တရားစွဲဆိုခြင်းမှာ မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျဉ်းသားများအပေါ် တွေ့မြင်ရလေ့ရှိသည့် လုပ်ထုံးလုပ်နည်းတစ်ရပ်ဖြစ်ကြောင်း သုံးသပ်ကြသည်။

မမိုးဆန်းစုကြည်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ လူငယ်တာဝန်ခံတစ်ဦးဖြစ်ပြီး၂၀၂၁ ခုနှစ်၊ မေ ၉ ရက်တွင် ရန်ကုန်မြို့၌ ဖမ်းဆီးခံခဲ့ရသည်။

ထို့နောက် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နှင့် မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁)တို့ဖြင့် ထောင်ဒဏ် ၆ နှစ် ချမှတ်ခံခဲ့ရသည်။

ပြစ်ဒဏ်သက်တမ်းပြည့်ချိန်တွင် ပြန်လည်လွတ်မြောက်ခြင်းမရှိဘဲ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် ထပ်မံအမှုဖွင့်တရားစွဲဆိုခံရကာ ယခုအခါ ထောင်ဒဏ် ၅ နှစ် ထပ်မံချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ