သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ULA က ကျေးရွာ ၅ ရွာရှိ စစ်ရှောင်အိမ်ထောင်စု ၉၇ စုအတွက် တစ်လစာ ဆန်၊ ဆီ၊ ဆားများထောက်ပံ့ပေး

AB News-‌ စက်တင်ဘာ ၁၆၊ ၂၀၂၆

ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်အတွင်း စစ်ရှောင် အိမ်ထောင်စု ၉၇ စုအတွက် ဆန်၊ ဆီ၊ ဆားများကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ (မြို့နယ်စစ်‌ရှောင်ကော်မတီ) က ဦးဆောင်ကာ တစ်လစာ ထောက်ပံ့ပေးခဲ့သည်။

ယမန်နေ့ စက်တင်ဘာ ၁၅ ရက်နေ့က မြို့နယ်စစ်ရှောင်ကော်မတီသည် မြောက်ဦးမြို့နယ်အတွင်းက ကျေးရွာ ၅ ရွာရှိ စစ်ရှောင်အိမ်ထောင်စု ၉၇ စု၊ လူဦးရေ ၃၂၀ ဦးအတွက် တစ်ဦးကို တစ်ရက်လျှင် ဆန် ၂ ဘူးကျနှုန်းဖြင့် တစ်လစာထောက်ပံ့ပေးခဲ့ပြီး ဆီနှင့် ဆားများကိုပါ ထောက်ပံ့ပေးခဲ့သည်။

“ဆန်ဈေးဒီလောက်တက်နေတဲ့အချိန် ထောက်ပံ့ပေးတာ ကျွန်မတို့လို့ စစ်ဘေးရှောင်တွေအတွက် အများကြီးအထောက်အကူဖြစ်ပါတယ်။ အခုလိုထောက်ပံ့ပေးတာ ကိုယ့်အစိုးရကို ကျေးဇူးလည်းတင်မိသလို အရမ်းလည်းဝမ်းသာပါတယ်။ မဟုတ်ရင် ဆန်ဈေးတက်တာနဲ့ ထမင်းရည်သောက်ရမယ့်အခြေအနေပါ။” ဟု စစ်ဘေးရှောင် အမျိုးသမီး ၁ ဦးက AB News  သို့ ပြောသည်။

အဆိုပါထောက်ပံ့မှုကို ULA ၏ မြို့နယ်စစ်ရှောင်ကော်မတီက ဦးဆောင်ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး HDCO၊ မြို့နယ်အုပ်ချုပ်ရေး၊ ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ DLEPS နှင့် အမျိုးသမီးအင်အားစုတို့ကလည်း ပါဝင် ကူညီပေးခဲ့ကြသည်။

“မြို့နယ်စစ်ရှောင်ကော်မတီအနေနဲ့ အခက်အခက်ဖြစ်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာ ထောက်ပံ့မှုတွေ အင်တိုက်အားတိုက်ပြုလုပ်သွားဖို့ရှိပါတယ်။ အမျိုးသမီးစစ်ရှောင်တွေအတွက်လဲ လစဉ််သုံးတွေ၊ အတွင်းခံတွေနဲ့ ဆပ်ပြာတွေ ထောက်ပံ့ပေးသွားဖို့လဲရှိပါတယ်။” ဟု မြို့နယ် စစ်ရှောင်ကော်မတီက AB News  သို့ ပြောသည်။

လက်ရှိတွင် ULA သည် ရက္ခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြောင့် စစ်ဘေးဒဏ်ကို ခံစားနေရသည့် စစ်ရှောင်ပြည်သူများကို စားနပ်ရိက္ခာများ အင်တိုက်အားတိုက် ထောက်ပံ့ကူညီပေးလျက်ရှိသည်။

ပုံစာ – မြောက်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ ၅ ရွာကို ULA ၏ စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီမှ ဦးဆောင်၍ စားနပ်ရိက္ခာထောက်ပံ့ ပေးနေသည်ကိုတွေ့ရစဥ် ( ပုံ – Arakan Bay News)

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ