
AB News – နိုဝင်ဘာ ၁၊ ၂၀၂၆
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ ဗဟိုအကောက်ခွန်နှင့် အခွန်ဌာနက နိုဝင်ဘာလ ၁ ရက်နေ့တွင် ဖွင့်လှစ်သည့် ၅ ကြိမ်မြောက် အာရက္ခလောင်ပေါ်၏ ပထမဆုကြီး ကျပ်သိန်း ၁၀၀၀ ကို မြေပုံမြို့နယ်၊ ပဲကောက်ရွာမှ ၆ တန်းကျောင်းသူ ဂျူလိုင်မိုးက ကံထူးသွားကြောင်း သိရသည်။
အဆိုပါ ပထမဆုကြီး ကျပ်သိန်း ၁၀၀၀ ကို ထီလက်မှတ်နံပါတ် 006236 ဖြင့် အဖ လှကျော်သန်း၊ မိခင် လှသန်းဌေးတို့၏ သမီး မဂျူလိုင်မိုးက ကံထူးခဲ့ခြင်းဖြစ်သည်။
ကံထူးရှင် ဂျူလိုင်မိုးသည် လက်ရှိ Grade-6 တက်ရောက်နေသည့် ကျောင်းသူတစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူမှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။
ဖခင်ဖြစ်သူမှာ နောက်အိမ်ထောင်ပြုထားပြီး သုံးဘီးတုတ်တုတ်ယာဉ်မောင်းအဖြစ် လုပ်ကိုင်နေသူတစ်ဦးဖြစ်သည်။
ယခုကဲ့သို့ မိသားစုအခြေအနေအခက်အခဲများကြား ပညာသင်ကြားနေသည့် ကျောင်းသူတစ်ဦးက အာရက္ခလောင်ပေါ်၏ အမြင့်ဆုံးဆုကြီး ကျပ်သိန်း ၁၀၀၀ ကို ကံထူးရရှိခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်နေ့က ဖွင့်လှစ်ခဲ့သည့် (၄) ကြိမ်မြောက် အာရက္ခလောင်ပေါ်၏ ပထမဆုကြီး ကျပ်သိန်း ၁၀၀၀ ကိုလည်း ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်မိသားစုတစ်စုဖြစ်သည့် ကိုကျော်ဌေးနှင့် ဇနီး မခိုင်ထက်မြတ်တို့က ထီလက်မှတ်နံပါတ် 383328 ဖြင့် ကံထူးခဲ့ကြသည်။
ထို့အပြင် ပြီးခဲ့သည့် ဩဂုတ် ၁ ရက်နေ့က ဖွင့်လှစ်ခဲ့သည့် (၂) ကြိမ်မြောက် အာရက္ခလောင်ပေါ်၏ ပထမဆုကြီး ကျပ်သိန်း ၇၅၀ ကိုလည်း စစ်တွေမြို့မှ မြောက်ဦးမြို့သို့ စစ်ဘေးရှောင်လာသည့် ကိုဇော်မြင့်ထွန်းက ထီလက်မှတ်နံပါတ် 303243 ဖြင့် ကံထူးခဲ့သည်။