သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်တွင် ၆ လအတွင်း စစ်ကော်မရှင် တိုက်ခိုက်မှုကြောင့် အရပ်သား ၈၃ ဦးသေဆုံး၊ ၁၈၇ ဦး ဒဏ်ရာရ

AB News – ဇူလိုင် ၃၊ ၂၀၂၆

ရက္ခိုင်ပြည်တွင် စစ်ကော်မရှင်က အရပ်သားပြည်သူများနှင့် လူ​နေအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် ပြီးခဲ့သည့် ၆ လတာကာလအတွင်း အရပ်သားသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု မြင့်တက်လာ​နေကြောင်း လူသားချင်းစာနာထောက်ထား​ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO) ၏ ဇွန်လ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

HDCO ၏ အစီရင်ခံစာအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ ၆ လတာကာလအတွင်း စစ်ကော်မရှင်၏ တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၈၃ ဦး သေဆုံးခဲ့ပြီး ၁၈၇ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည့်အပြင် မတရားဖမ်းဆီးခြင်းကိုခံခဲ့ရသူ ၆၅ ဦးထိရှိကြောင်း ​​သိရသည်။

ဇူလိုင် ၁ ရက်နေ့မှ ၃ ရက်နေ့တွင် ရက္ခိုင်ဒေသအတွင်း စစ်​ကော်မရှင်တပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ အရှိန်အဟုန်ပြင်းစွာ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုဆက်တိုက်​​ပြုလုပ်​နေ​ခြင်းကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးနေကြပြီး နေအိမ်၊ အဆောက်အအုံများနှင့် ဘာသာရေး၊ ပညာရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီးမှု များပြားလာကြောင်း သိရသည်။

HDCO ၏ သုံးသပ်ချက်အရ ယခုကဲ့သို့ လေကြောင်းတိုက်ခိုက်မှုများ မရပ်တန့်ဘဲ ဆက်လက်ရှိနေပါက နောက်ဆက်တွဲအနေဖြင့် အရပ်သားထိခိုက်သေဆုံးမှုနှုန်းနှင့် ဒေသခံပြည်သူများ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမည့် ဒုက္ခများမှာ ယခုထက်ပို၍ မြင့်တက်လာနိုင်​​ကြောင်း သတိပေးပြောဆိုထားသည်။

ထို့ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အရပ်သားများအပေါ် တိုက်ခိုက်မှုရပ်တန့်ရေး၊ ပြည်သူ့အသက်အိုးအိမ် ကာကွယ်ရေးနှင့် ဘေးဒုက္ခ​ရောက်​​နေသူများထံ လူသားချင်းစာနာမှုအကူအညီများ အတားအဆီးမရှိ ချက်ချင်းရောက်ရှိနိုင်ရေးတို့အတွက် ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် HDCO က တောင်းဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ