AB News – ဩဂုတ် ၁၁၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မြောက်ဦးမြို့ရှိ အများပြည်သူ အားထားသုံးစွဲနေသည့် လက်ဆည်ကန်နှင့် အနူမကန်တို့မှ သောက်သုံးရေများ သန့်ရှင်းစင်ကြယ်ရေးနှင့် ရောဂါဘယများ ပျံ့နှံ့မှု မရှိစေရေးအတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အဆိုပါ ရေကန်ဧရိယာအတွင်း ဝင်ထွက်သွားလာခွင့်ကို စည်းကမ်းချက်များသတ်မှတ်၍ ကန့်သတ်လိုက်သည်။
အဆိုပါ ရေကန်များနှင့် ရင်တားပါတံတိုင်းများသည် ပြီးခဲ့သည့် နှစ်ပေါင်း ၅၀၀ ကျော်ကတည်းက တည်ဆောက်ခဲ့သော ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ဖြစ်ရုံမျှမက လက်ရှိအချိန်အထိ ဒေသခံပြည်သူများ၏ အသက်သွေးကြောဖြစ်သော အဓိက သောက်သုံးရေပင်မ ရင်းမြစ်များလည်း ဖြစ်သည်။
ရေကန်အတွင်း အညစ်အကြေးများ ရောက်ရှိခြင်းမှ ကာကွယ်ရန်နှင့် ရှေးဟောင်းအဆောက်အအုံများ ပျက်စီးမှုကို ထိန်းသိမ်းနိုင်ရန်အတွက် အောက်ပါတားမြစ်ချက်များကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
– လူ၊ ကျွဲ၊ နွား၊ တိရိစ္ဆာန်များ တံတိုင်းထက်သို့ လုံးဝ မတက်ရ။
– ကန်ထဲသို့ လှေများဖြင့် ငါးဖမ်းခြင်း၊ ရေကူးခြင်း၊ ဟင်းရှာခြင်းများ လုံးဝ မပြုလုပ်ရ။
– ကန်ထဲသို့ ကျွဲ၊ နွား၊ တိရိစ္ဆာန်များ လွှတ်ကျောင်းခြင်းများ လုံးဝ ခွင့်မပြု။
– ရေကန်အထဲတွင် ရေမချိုးရ၊ ဝိုင်းဖွဲ့စားသောက်ခြင်း၊ အဝတ်လျှော်ဖွတ်ခြင်း၊ အညစ်အကြေး စွန့်ပစ်ခြင်းများ လုံးဝ မပြုလုပ်ရ။
– မည်သူမျှ ခွင့်ပြုချက် တစုံတရာမရရှိဘဲ ဝင်ထွက်၊ သွားလာခြင်း မပြုရ စသည်တို့ဖြစ်သည်။
အဆိုပါကန့်သတ်ချက်များကြောင့် ဒေသခံများ၏ အဓိကဝမ်းစာရေးဖြစ်သော ဟင်းခြံလုပ်ငန်းများ မထိခိုက်စေရန်အတွက် ULA တာဝန်ရှိသူများသည် ဒေသခံပြည်သူများနှင့် ယနေ့ သြဂုတ်လ ၁၁ ရက်နေ့က အသိပညာပေး တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် သောက်သုံးရေ သန့်ရှင်းရေးနှင့် ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးဆိုင်ရာ လိုအပ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြသည်။
ထို့ပြင် ခွင့်ပြုချက်မရှိဘဲ စည်းကမ်းဖောက်ဖျက် ဝင်ရောက်သူများကို တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး၊ မိဘပြည်သူများ၏ ကျန်းမာရေးနှင့် သောက်သုံးရေ သန့်ရှင်းရေးအတွက် အားလုံးပူးပေါင်းပါဝင်ကြရန် ULA က တိုက်တွန်းထားသည်။
