AB News – မတ် ၁၂၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်အတွင်း မတူညီသော လူမျိုးစုများအကြား ချစ်ကြည်ရင်းနှီးမှု ခိုင်မာစေရန်နှင့် လူငယ်များ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရန် ရည်ရွယ်ကျင်းပသည့် “ရပ်ကွက်ပေါင်းစုံ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ” ဆုပေးပွဲအခမ်းအနားကို မတ်လ ၁၀ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရက္ခိုင်၊ မူဆလင်၊ ဟိန္ဒူ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့မှ မတ်လ ၁၀ ရက်နေ့အထိ မောင်တောမြို့နယ်ပါတီ ကော်မတီမှ ဦးစီးကျင်းပခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပြိုင်ပွဲကို ကျင်းပရခြင်းနှင့်ပတ်သက်၍ အဓိကရည်ရွယ်ချက် (၄) ရပ်ကို မြို့နယ်ပါတီကော်မတီက အောက်ပါအတိုင်း ချမှတ်ထားသည်။
၁။ လူငယ်များအနေဖြင့် အားလပ်ချိန်တွင် အားကစား၌ စိတ်ပါဝင်စားလာစေခြင်းဖြင့် မူးယစ်ဆေးဝါး သုံးစွဲမှု ဘေးအန္တရာယ်မှ လျော့ကျကင်းဝေးလာစေရန်။
၂။ဒေသတွင်းရှိ မတူညီသော လူမျိုးစုများအကြား အားကစားမှတစ်ဆင့် ရင်းနှီးပတ်သက်မှုရရှိစေပြီး လူမှုသဟဇာတ ဖြစ်စေရန်နှင့် အမျိုးသား စည်းလုံးညီညွတ်မှုကို တည်ဆောက်ရန်။
၃။လူငယ်များ ကျန်းမာကြံ့ခိုင်ပြီး အားကစားလိုက်စားသည့် အလေ့အထကောင်းများ ထွန်းကားလာစေရန်။
၄။ အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရနှင့် ပြည်သူလူထုအကြား ပိုမိုနီးကပ်စွာ ထိတွေ့ဆက်ဆံနိုင်ပြီး တစ်သားတည်းဖြစ်စေရန် တို့ဖြစ်သည်။
ပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ ဌာနဆိုင်ရာများနှင့် တပ်ဖက်ဆိုင်ရာများမှ စုစုပေါင်း ပြိုင်ပွဲဝင်အသင်း (၁၇) သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲကို အများပြည်သူ ကြည့်ရှုအားပေးနိုင်စေရန် အပတ်စဉ် စနေနှင့် တနင်္ဂနွေနေ့များတွင် စနစ်တကျ ခွဲခြားကျင်းပခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲကာလ တစ်လျှောက်လုံးတွင်လည်း ဒေသခံများ၏ စိတ်ဝင်စားမှုဖြင့် စည်ကားခဲ့သည်။
ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ မောင်တောမြို့နယ်ပါတီကော်မတီ ဥက္ကဋ္ဌက “ကျနော်တို့ မောင်တောဒေသဟာ မတူကွဲပြားတဲ့ လူမျိုးစုတွေ စုပေါင်းနေထိုင်ရာ ဒေသဖြစ်တာနဲ့အညီ လူမှုသဟဇာတ ဖြစ်ဖို့နဲ့ စည်းလုံးညီညွတ်ဖို့က အင်မတန် အရေးကြီးပါတယ်။ အခုလို ဘောလုံးပြိုင်ပွဲ ကျင်းပပေးတာဟာ လူငယ်တွေကို မူးယစ်ဆေးဝါး အန္တရာယ်ကနေ ကာကွယ်ပေးရုံတင်မကပဲ၊ အချင်းချင်းကြားမှာ ယုံကြည်မှုနဲ့ ချစ်ကြည်ရင်းနှီးမှုတွေ ပိုမိုခိုင်မာလာစေဖို့ ဖြစ်ပါတယ်။ အစိုးရနဲ့ ပြည်သူတွေ တစ်သားတည်းဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးကို အတူတကွ ဖော်ဆောင်သွားကြဖို့ ရည်ရွယ်ပါတယ်” ဟုဆိုသည်။
မတ်လ ၁၀ ရက်နေ့တွင် ပြုလုပ်သည့် ဆုပေးပွဲအခမ်းအနားသို့ မြို့နယ်ပါတီကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့် ဒေသခံအားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် အနိုင်ရရှိသည့် အသင်းများအား ဂုဏ်ပြုဆုဖလားနှင့် ဆုငွေများကို တာဝန်ရှိသူများက အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အသင်းခေါင်းဆောင်တစ်ဦးကလည်း ပြိုင်ပွဲနှင့်ပတ်သက်၍ ယခုလိုပြောသည်။
“အခုလို ပြိုင်ပွဲမှာ ပါဝင်ခွင့်ရတာ ကျနော်တို့ လူငယ်တွေအတွက် အရမ်းကို ဝမ်းသာစရာကောင်းပါတယ်။ ကွင်းထဲမှာ အနိုင်အရှုံးထက် မတူညီတဲ့ ရပ်ကွက်၊ ဌာနဆိုင်ရာတွေက သူငယ်ချင်း အသစ်တွေနဲ့ ရင်းနှီးခွင့်ရလိုက်တာက ပိုပြီး တန်ဖိုးရှိပါတယ်။ အခုလို အားကစားကို အလေးထား ကျင်းပပေးတဲ့အတွက် ကျနော်တို့ လူငယ်တွေ လမ်းမှားမရောက်ပဲ ကျန်းမာကြံ့ခိုင်တဲ့ လူမှုပတ်ဝန်းကျင်တစ်ခုကို ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟုဆိုသည်။
မောင်တောမြို့နယ်အတွင်း လူမှုသဟဇာတဖြစ်ရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားလှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပါတီကော်မတီထံမှ သိရသည်။




