AB News – ဩဂုတ် ၆၊ ၂၀၂၆
ရက္ခိုင်ပြည်၊ စစ်တွေခရိုင်အချုပ်ထောင်တွင် မုဒိမ်းမှုဖြင့် ရာဇသတ်ကြီးပုဒ်မ (၃၇၆) အရ ထိန်းသိမ်းခံထားရစဉ် ထွက်ပြေးလွတ်မြောက်ခဲ့သည့် တရားခံ ၂ ဦးအနက် ၁ ဦးကို တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ပြန်လည် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါတရားခံ ၂ ဦးသည် ပြီးခဲ့သည့် မေလ ၇ ရက် ညနေ ၄ နာရီ ၄၂ မိနစ်ခန့်က စစ်တွေခရိုင်အချုပ်ထောင်မှ ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်ပြီး၊ ယင်းတို့အနက် ဦးကျော်ဝင်းချေကို ပြန်လည်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရမိသူမှာ ဝီရဌာနီမြို့နယ်၊ ဂြိတ်ချောင်းကျေးရွာနေ အသက် ၅၁ နှစ်အရွယ် ဦးကျော်ဝင်းချေဖြစ်ပြီး၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကြံခင်းစစ်ဘေးရှောင်စခန်းတွင် နေထိုင်သည့် အသက် ၃၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်မှုဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူဖြစ်ကြောင်း သိရသည်။
ဦးကျော်ဝင်းချေကို ဇူလိုင်လ ၂၆ ရက် ည ၉ နာရီခန့်တွင် အဉ္ဇနပူရခရိုင်၊ မြေပုံမြို့နယ်၊ ပြင်ဝန်းကျေးရွာ၌ ရပ်ရွာအုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ ပူးပေါင်းကူညီမှုဖြင့် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ဖမ်းဆီးစဉ် ဦးကျော်ဝင်းချေနှင့်အတူ စက်လှေ ၁ စီး၊ Honda 9 HP အင်ဂျင် ၁ လုံး၊ Infinix လက်ကိုင်ဖုန်း ၁ လုံးနှင့် Realme လက်ကိုင်ဖုန်း ၁ လုံးတို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့အပြင် ရသေ့တောင်မြို့နယ်၊ ကြံတိုင်းအောင်ကျေးရွာနေ အသက် ၄၄ နှစ်အရွယ် မုဒိမ်းမှုတရားခံ ဦးဘိုသန်းဝင်းမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီး ၎င်းအား အမြန်ဆုံးပြန်လည်ဖမ်းဆီးနိုင်ရေးအတွက် DLEPS က ဆက်လက်ရှာဖွေ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Photo – APM
