သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့နယ်တွင် မိုးကြိုးပစ်ခံရ၍ တစ်ရက်အတွင်း ဒေသခံ ၂ ဦး သေဆုံး


AB News – ဇွန် ၇၊ ၂၀၂၆

မင်းပြားမြို့နယ်တွင် မိုးကြိုးပစ်ခံရ၍ ဇွန်လ ၅ ရက်နေ့ တစ်ရက်အတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးခဲ့သူများမှာ မင်းပြားမြို့နယ်၊ မင်းဖူးကျေးရွာမှ အသက် ၁၈ နှစ်အရွယ် မောင်အေးကိုနိုင်နှင့် ချောင်းတို(ချင်း) ကျေးရွာမှ အသက် ၄၄ နှစ်အရွယ် ဦးမောင်ကျော်ထွန်း တို့ဖြစ်ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့၊ ညနေ ၅ နာရီခန့်တွင် မောင်အေးကိုနိုင်မှာ ၎င်း၏ နေအိမ်တွင် ရေချိုးနေစဥ် မိုးကြိုးပစ်ခံရ၍ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အဆိုပါနေ့ ညနေ ၅ နာရီကျော်ခန့်အချိန်တွင် ဦးမောင်ကျော်ထွန်းမှာလည်း ၎င်း၏ ကျေးရွာမှ သာစည်ကျေးရွာသို့ အလုပ်ကိစ္စဖြင့်သွားရောက်စဥ် သာစည်ကျေးရွာရှိ မန်းကျည်းပင်ကြီးအောက်အရောက်တွင် မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများမှ ဆိုသည်။

အလားတူ ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့တွင်လည်း မင်းပြားမြို့နယ်၊ မြစ်နားရွာတွင် ​မိုးကြိုးပစ်ခံရ၍ သားဖ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့ကလည်း ကျော်တော်မြို့နယ်၊ နဂူမေကျေးရွာမှ အသက် (၄၅) နှစ်အရွယ် ဦးဆန်းလှိုင်မှာ မိုးကြိုးပစ်ခံရ၍ သေဆုံးခဲ့ရသည်။

ထို့အပြင် အဆိုပါနေ့တွင်လည်း မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာမှ ဒေသခံ ၂ ဦးမှာလည်း မိုးကြိုးပစ်ခံရ၍ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရက္ခိုင်တွင် နှစ်စဥ်မိုးရာသီကာလအတွင်း လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးကြိုးပစ်ခံရမှုများ မကြာခဏဖြစ်ပွားလေ့ရှိသောကြောင်း ပြည်သူများအနေဖြင့် မိုးရာသီကာလတွင် အထူးဂရုပြု သွားလာကြရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှ သတိပေးနှိုးဆော်တိုက်တွန်းထားသည်။


ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ