AB News – ဇူလိုင် ၂၈၊ ၂၀၂၆
ရက္ခိုင်ပြည် မင်းပြားမြို့ကို “အဉ္ဇနပူရ (Anjanapura)” အမည်သစ်ဖြင့် သတ်မှတ်ကာ မြို့ဝင်ဆိုင်းဘုတ်သစ်ကို ယနေ့ (ဇူလိုင် ၂၈ ရက်) နံနက်ပိုင်းတွင် ဖွင့်လှစ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားသို့ ULA/AA တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် ရက္ခိုင်ရိုးရာဝတ်စုံများ ဝတ်ဆင်ထားသည့် လူငယ်များ တက်ရောက်ခဲ့ကြပြီး၊ မြို့ဝင်ဆိုင်းဘုတ်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
အခမ်းအနားကျင်းပစဉ် AA တပ်ဖွဲ့ဝင်များက လုံခြုံရေးတာဝန်များ ဆောင်ရွက်ခဲ့ကြောင်း တွေ့ရသည်။
ထို့ပြင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အာရက္ခပြည်အတွင်းရှိ အုပ်ချုပ်ရေးနယ်မြေအမည်များကို ပြောင်းလဲသတ်မှတ်ခဲ့ရာ မင်းပြားခရိုင်ကို အဉ္ဇနပူရခရိုင်၊ မင်းပြားမြို့နယ်ကို အဉ္ဇနပူရမြို့နယ်နှင့် ပေါက်တောမြို့နယ်ကို ဝီရဌာနီမြို့နယ်အဖြစ် ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သိရသည်။
အဆိုပါ မြို့နှင့်အုပ်ချုပ်ရေးနယ်မြေအမည်များ ပြောင်းလဲသတ်မှတ်ခြင်းသည် ရက္ခိုင်၏ သမိုင်း၊ ယဉ်ကျေးမှုနှင့် အမွေအနှစ်ဆိုင်ရာ အင်္ဂါရပ်များကို ထင်ဟပ်စေရန် ရည်ရွယ်သည့် အစီအစဉ်တစ်ရပ်အဖြစ် ဒေသခံများက ရှုမြင်နေကြောင်း သိရသည်။
Photo – AB News


