
AB News – ဇူလိုင် ၂၈၊ ၂၀၂၆
ရက္ခိုင်ပြည် ၊ မင်းပြားမြို့ကို “အဉ္စနပူရ” ဟု အမည် ပြောင်းလဲသတ်မှတ်ကာ မြို့ဝင်ဆိုင်းဘုတ်သစ်ကို ယနေ့ ဇူလိုင် ၂၈ ရက် နံနက်ပိုင်းတွင် စိုက်ထူဖွင့်လှစ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဒေသခံများ၏ ပြောကြားချက်အရ မြို့အမည်ပြောင်းလဲခြင်းနှင့် မြို့ဝင်ဆိုင်းဘုတ်သစ် ဖွင့်လှစ်သည့် အခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲဝန်းကျင်တွင် ပြုလုပ်ခဲ့ပြီး အာရက္ခတပ်တော် AAက ဂုဏ်ပြုအထိမ်းအမှတ်အဖြစ် အမြောက် ၇ ချက် ပစ်ဖောက်ခဲ့ကြောင်း သိရသည်။
“မြို့အမည်ပြောင်းပြီး ဆိုင်းဘုတ်စိုက်ထူမယ့်ကိစ္စကို ကြိုတင်တရားဝင် အသိပေးထားတာတော့ မရှိဘူး။ မနက်မိုးလင်းတော့ အမြောက်ပစ်သံတွေ ကြားရလို့ အစပိုင်းမှာ စိုးရိမ်သွားတယ်။ ဒါပေမယ့် မင်းပြားမြို့ကို ‘အဉ္စနပူရ’ လို့ အမည်ပြောင်းမယ်ဆိုတဲ့ သတင်းတွေက အရင်ကတည်းက ထွက်ပေါ်နေခဲ့တာဖြစ်ပြီး ဒီနေ့မှာတော့ ဆိုင်းဘုတ်သစ်ကို တရားဝင် ဖွင့်လှစ်လိုက်တာပါ” ဟု မင်းပြားမြို့ခံတစ်ဦးက AB News သို့ ပြောသည်။
ဒေသခံအချို့ကလည်း မြို့အမည်အသစ် “အဉ္စနပူရ” အဖြစ် ပြောင်းလဲသတ်မှတ်လိုက်ခြင်းကို ကြိုဆိုကြောင်းနှင့် သမိုင်း၊ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များကို ပြန်လည်ဖော်ထုတ်ထိန်းသိမ်းသည့် လုပ်ဆောင်ချက်တစ်ရပ်အဖြစ် ရှုမြင်ကြောင်း ပြောဆိုကြသည်။
Photo – Narinjara