AB News – မတ် ၁၁ ၊ ၂၀၂၆
ရက္ခိုင်ပြည်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်း စစ်သုံ့ပန်း အကျဥ်းစခန်းအား စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာ ၄ စီးနှင့် Y-12 ၄စီး တို့ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်သုံ့ပန်း ၁၁၆ ဦးသေဆုံးကာ၊ ၃၂ ဦး ဒဏ်ရာရရှိခဲ့ပြီး အရပ်သားအချို့လည်း သေဆုံးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
စစ်သုံ့ပန်း အကျဉ်းစခန်းအား သုံးနာရီခွဲခန့်ကြာမြင့်သော လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုမျိုးကို မရပ်မနား ဆက်တိုက်ပြုလုပ်ခဲ့သည်။ ထို့အပြင် ပြင်းထန်၊ အလတ်စား၊ အသေးစားဒဏ်ရာရရှိသူများ မြောက်မြားစွာ ရှိနေသေးပြီး အရပ်သားများထဲမှ ပြစ်ဒဏ်ကျခံရသူအချို့လည်း ဤဖြစ်စဉ်အတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်သည် အာရက္ခဒေသအတွင်း ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ လေကြောင်းမှ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်အတွင်း စစ်သုံ့ပန်း (စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ) အသေအပျောက် အများဆုံးဖြစ်စဉ်ဖြစ်ပြီး စစ်ဘက်အရာရှိကြီးများစွာလည်း ပွဲချင်းပြီးသေဆုံးခဲ့ကြသည်။
စစ်သုံ့ပန်းအလောင်းအချို့မှာ မည်သူမည်ဝါမှန်း စစ်ဆေးရန်ခက်ခဲခြင်း၊ ခန္ဓာအစများ တစ်စမှ မရရှိသော ပျောက်ဆုံးအလောင်းများလည်း ရှိနေသေးသောကြောင့် အသေးစိတ် အချက်အလက်များကို စစ်ဆေးပြီးသည့်အချိန်တွင် ဆက်လက်တင်ပြပေးသွားမည် ဖြစ်ကြောင်း အာရက္ခတပ်တော် AA မှ ထုတ်ပြန်ထားသည်။
Photo – AA Info Desk








