AB News – ဧပြီ ၂၊ ၂၀၂၆
နွေရာသီ၏ ပြင်းထန်သော အပူရှိန်နှင့်အတူ လူဦးရေထူထပ်မှုကြောင့် ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်း ၉ ခုတွင် ရေတွင်းရေကန်များ ခမ်းခြောက်လျက်ရှိရာ သောက်သုံးရေ အရေးပေါ် လိုအပ်နေသည်ကို တွေ့ရှိခဲ့ရသည်။
ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် အိမ်ထောင်စု ၁၃၃၆၈ စုရှိပြီး ကျား၊မ စုစုပေါင်းလူဦးရေ ၅ သောင်းကျော်ထိရှိကြောင်း သိရသည်။ လက်ရှိတွင် အဆိုပါစစ်ဘေးရှောင်ပြည်သူများသည် မိုးရာသီက ချောင်းမြောင်းများအတွင်း တင်ကျန်ခဲ့သော မသန့်ရှင်းသည့် ရေများကိုသာ အားကိုး၍ ချက်ပြုတ်စားသောက်နေကြရသည်ဟု စခန်းတွင်းရှိ စစ်ဘေးရှောင်အမျိုးသမီး မအေးမြင့်ခိုင်က AB News သို့ ပြောသည်။
“ရေကန်တွေမှာ ရေက လုံးဝမရှိတော့ဘူး။ ဘယ်မှာ ရေရမလဲဆိုတာ လိုက်ရှာနေရတယ်။ လက်ယက်တွင်းတွေ တူးပေမယ့်လည်း ရေက အလျှံအပယ်မရဘူး။ တစ်နေကုန်မှ ရေအိုးတစ်လုံးစာလောက်ပဲ ရတယ်။ စခန်းဘေးက ချောင်းမြောင်းတွေထဲမှာ တင်ကျန်နေတဲ့ ရေနောက်တွေကိုပဲ ချိုးဖို့၊ ချက်ဖို့ သုံးနေရတယ်။ သောက်ရေအတွက်ကတော့ ပိုက်ဆံရှိသူတွေက ဝယ်သောက်နိုင်ပေမယ့် မတတ်နိုင်သူတွေကတော့ ကန်ထဲက နောက်နေတဲ့ ရေကိုပဲ သောက်နေရတယ်။ ကျမတို့ စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေးတင်မကဘဲ ရေရရှိဖို့အတွက်ပါ ရုန်းကန်နေရတဲ့ အခြေအနေပါ” ဟု ၎င်းက ဆိုသည်။
စစ်ဘေးရှောင်ပြည်သူများသည် အစားအစာထက် ရေရရှိရေးကို ပိုမို အခက်ကြုံနေရပြီး မသန့်ရှင်းသော ရေကို သုံးစွဲနေရခြင်းကြောင့် အရေပြားရောဂါနှင့် ဝမ်းရောဂါ ခံစားနေရသူများလည်း ရှိနေကြောင်း သိရသည်။
ယင်းကဲ့သို့ ရေရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်ရန် ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံး (PYA)၊ ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း(P.S.R.K)၊ ရက္ခိုင်မျိုးချစ်လူငယ်ဖောင်ဒေးရှင်း (RMCYA) နှင့် R Gree အဖွဲ့ အစရှိသည့် ပရဟိတအဖွဲ့များ စုပေါင်း၍ သောက်သုံးရေ လိုက်လံဖြန့်ဝေပေးနေသော်လည်း လိုအပ်ချက်နှင့် လှူဒါန်းနိုင်မှုမှာ ကွာဟချက် ရှိနေဆဲဖြစ်သည်။
ရေလှူဒါန်းမှုလုပ်ငန်းတွင် ဒု-ဥက္ကဌအဖြစ် တာဝန်ယူထားသူ ကိုပြည့်ဖြိုးနိုင်က “ကျနော်တို့ ညီနောင် ၄ ဖွဲ့ပေါင်းပြီး ပြည်တွင်းပြည်ပက အလှူငွေတွေနဲ့ လုပ်နေတာဆိုတော့ ဘတ်ဂျက်ငွေက အရမ်းအရေးကြီးတယ်။ ရေတိုင်ကီတွေလည်း လုံလုံလောက်လောက် မရှိဘူး။ ရှိတဲ့ တိုင်ကီတွေကလည်း အဖုံးမပါတော့ လမ်းမှာ ဖိတ်စင်မှုတွေ ရှိနေတယ်။ ရေတစ်လီတာ ရဖို့တောင် အရေးကြီးနေတဲ့ အချိန်မှာ ဒါဟာ နှမြောဖို့ ကောင်းတယ်။ ရေကြောရှာဖွေတာတွေ လုပ်နေပေမယ့် ဒီဒေသမှာက အဆင်မပြေဘူး။ ခုက သုဿာန်မြေဘေးက ချောင်းရေတွေ၊ အမှိုက်ပစ်ထားတဲ့တွင်းကနေ စိမ့်ထွက်တဲ့ ရေအနည်းငယ်ကို ခွက်တွေနဲ့ ခပ်ပြီးတော့ အသုံးပြုနေကြရတယ်။ ဒီအတိုင်းသာ ဆက်သွားရင် နောင်ခါ မျက်နှာသစ်ဖို့တောင် ရေမရှိတဲ့ အခြေအနေ ရောက်သွားနိုင်တယ်” ဟု AB News သို့ ပြောကြားခဲ့သည်။
ပုဏ္ဏားကျွန်းဒေသသည် ယခင်နှစ်များကပင် ရေရှားပါးမှုပြဿနာနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်ပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှ နွေရာသီမရောက်မီ ရေကန်သစ်များ တူးဖော်ခြင်းနှင့် မြစ်ရေတင်ခြင်းများ ပြုလုပ်ခဲ့သော်လည်း စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် စစ်ဘေးရှောင်များသည် ဘေးကင်းရာသို့ ထပ်မံရွှေ့ပြောင်းခဲ့ရခြင်းကြောင့် ယခုကဲ့သို့ ရေရှားပါးမှုဒဏ်ကို အပြင်းအထန် ခံစားနေရခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ – ချန်ဒြာ/ဖြိုးဇော်/Arakan Bay News



