သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်တွင် အောက်တိုဘာအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ သေဆုံးဒဏ်ရာရသူ ၁၂၄ ဦး ထက်မနည်းထိရှိ

AB News – နိုဝင်ဘာ ၃၊ ၂၀၂၆

ရက္ခိုင်တွင် စစ်ကော်မရှင်က အပြစ်မဲ့‌ဒေသခံပြည်သူများနှင့် စစ်ရှောင်များကို လေကြောင်းမှ ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် အောက်တိုဘာလ တစ်လတာအတွင်း စုစုပေါင်း ထိခိုက်သေဆုံးသူ ၁၂၄ ဦးထက်မနည်းရှိကြောင်း AB News ၏ စစ်တမ်းကောက်ချက်အရ သိရသည်။

အဆိုပါ သေဆုံးသူနှင့် ဒဏ်ရာရရှိသူ စုစုပေါင်း ၁၂၄ ဦးအနက် သေဆုံးသူ ၂၆ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၉၆ ထက်မနည်း ရှိခဲ့သည်။

စစ်ကော်မရှင်သည် အောက်တိုဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သော မြို့နယ်များမှာ မောင်တော၊ ရသေ့တောင်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ အဉ္ဇနပူရ (မင်းပြား)၊ ဝီရဌာနီ (ပေါက်တော)၊ မြေပုံ၊ အမ်း၊ ဂွ၊ မအီ နှင့် သံတွဲ စသည့် မြို့နယ် စုစုပေါင်း ၁၂ မြို့နယ်ကို တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

ထိုမြို့နယ်များထဲမှ လေကြောင်းတိုက်ခိုက်ခံရမှု အများဆုံးမြို့နယ်တို့မှာစစ်တွေမြို့နယ်နှင့်ထိစပ်လျက်ရှိသော ပုဏ္ဏားကျွန်းမြို့နယ်ကို (၅) ကြိမ်နှင့် ဝီရဌာနီမြို့နယ်ကို (၅) ကြိမ် တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုများထဲမှ စစ်ကော်မရှင်သည် ပုဏ္ဏားကျွန်းမြို့နယ်တွင် အောက်တိုဘာလ ၄ ရက်နေ့က ဗျာလစစ်ဘေးရှောင်စခန်းနှင့် အောက်တိုဘာလ ၅ ရက်နေ့တွင် ပန်းနီလာစစ်ရှောင်စခန်းတို့ကို ၂ ရက်ဆိုက်တိုက် တိုက်ခိုက်ခဲ့သောကြောင့် ထိုစခန်းများမှ စစ်ရှောင်များသည် လက်ရှိတွင် စားဝတ်နေရေးအကျပ်အတည်းများကို ယခင်ကထက် ပိုမိုးခံစားနေကြရသည်။

စစ်ကော်မရှင်သည် စစ်ရေးအရ မြေပြင်တွင် အဘက်ဘက်ကရှုံးနိမ့်နေပြီး နေ့တိုင်းလိုလို အပြစ်မဲ့ပြည်သူများကို ၎င်းတို့၏အားသာချက်ဖြစ်သည့် လေကြောင်းမှ အရပ်သားပြည်သူများနေထိုင်ရာ နေအိမ်များ၊ စာသင်ကျောင်းများ၊ စျေးဆိုင်များ၊ ဆေးရုံဆေးခန်းများ၊ လမ်းတံတားများနှင့် သာသနိကအဆောက်အအုံများပါမကျန် ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိသည်။

ထိုသို့စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ရက္ခိုင်ပြည်သူ/သားများ ထိခိုက်သေဆုံးမှုအ‌ပေါ် အာရက္ခတပ်တော် (AA) က စစ်တပ်အား ပြန်လည်လက်စားချေတုံ့ပြန်သွားမည်ဟု ပြောကြားထားသည်။

ထို့အပြင် ရက္ခိုင်ပြည်သူ/သားများအား လေကြောင်းရန်ကို အထူးဂရုပြုနေထိုင်ကြရန် အာရက္ခတပ်တော် (AA)က တိုက်တွန်း‌နှိုးဆော်‌ပြောကြားထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ