
AB News – မေ ၁၁၊ ၂၀၂၆
အိန္ဒိယနိုင်ငံသို့ တရားမဝင် မှောင်ခိုနယ်စပ်ဖြတ်ကျော်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများအား အိန္ဒိယနယ်ခြားစောင့် လုံခြုံရေးတပ်ဖွဲ့(BSF) က ပစ်ခတ်ခဲ့ရာ ၂ ဦး သေဆုံးပြီး ၂၀ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း Bay of Bengal Post သတင်းဌာနတွင် ရေးသားဖော်ပြထားသည်။
ဖြစ်စဉ်မှာ မေလ ၈ ရက်နေ့ ညနေပိုင်းအချိန် ဘရာမန်ဘာရီယာခရိုင်ရှိ ကက်စဘာနယ်စပ်ဒေသတွင် နယ်စပ်ဖြတ်ကျော်၍ မှောင်ခိုလုပ်ငန်းနှင့် ဆက်စပ်နေသည့် လူအုပ်တစ်စုကို BSF က ကြားဖြတ်ဖမ်းဆီးစဉ် ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပွားခဲ့ကြောင်း ဘင်္ဂလားနယ်ခြားစောင့်တပ်(BGB) က ထုတ်ပြန်သည်။
BGB ၏ အဆိုအရ ဘင်္ဂလားဒေ့ရှ်မှ ပြည်သူ ၁၅ ဦးခန့်သည် အိန္ဒိယဘက်မှ မှောင်ခိုသမားများ၏ အကူအညီဖြင့် ည ၁၁ နာရီ၊ ၅ မိနစ်ခန့်အချိန်တွင် ဒါဂျာနာဂါပါသာရီယာဒဝါ နယ်စပ်မှတဆင့် အိန္ဒိယပိုင်နက်အတွင်းသို့ ကိုက် ၂၀၀ ခန့် ဝင်ရောက်ခဲ့ကြောင်း သိရသည်။
မှောင်ခိုပစ္စည်းများ သယ်ဆောင်၍ ပြန်လည်ထွက်ခွာလာစဉ် ၄၉ BSF တပ်ရင်း လက်အောက်ရှိ Pathariyadwar စခန်းမှ ကင်းလှည့်တပ်ဖွဲ့က အဆိုပါအုပ်စုကို တားဆီးခဲ့ပြီး ထိုအချိန်တွင် ရုန်းရင်းဆန်ခတ်ဖြစ်ကာ ကိုယ်ထိလက်ရောက် ကျူးလွန်မှု ဖြစ်ပွားခဲ့ကြောင်း BGB က ဆိုသည်။
အဆိုပါပဋိပက္ခအတွင်း BSF တပ်ဖွဲ့ဝင်တစ်ဦးက ကျည် ၂ တောင့် ပစ်ခတ်ခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒဏ်ရာရသူများကို အိန္ဒိယဘက်ရှိ ဆေးရုံတစ်ရုံသို့ ပို့ဆောင်ကုသခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးသွားကြောင်း BSF က BGB ထံ အကြောင်းကြားခဲ့သည်ဟု သိရသည်။
သေဆုံးသူနှစ်ဦးမှာ ကောလိပ်ကျောင်းသားတစ်ဦးဖြစ်သူ မော်ရှာလင် (၂၂) နှစ်နှင့် နာဘီရ် ဟူစိန် (၄၀) နှစ်အရွယ်တို့ ဖြစ်ကြောင်း ဆိုထားသည်။
သေဆုံးသူ ၂ ဦးသည် ယခင်ကလည်း နယ်စပ်ဖြတ်ကျော် မှောင်ခိုကုန်စည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်ဖူးကြောင်း BGB က ထုတ်ဖော်ပြောဆိုထားသည်။
အလောင်းများ ပြန်လည်လွှဲပြောင်းရေးနှင့် ပတ်သက်၍ Sultanpur တပ်ရင်းဟုလည်း လူသိများသော 60 BGB တပ်ရင်းမှူးက BSF တပ်ရင်းမှူးထံ ဆက်သွယ်ဆောင်ရွက်နေကြောင်း သိရသည်။
ထို့ပြင် နယ်စပ်တပ်ဖွဲ့ ၂ ဖွဲ့ကြား အလံတင်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေပြီး ကန့်ကွက်စာတစ်စောင်ကိုလည်း BSF ထံ ပေးပို့ထားကြောင်း BGB က ထုတ်ပြန်ထားသည်။