AB News – ဩဂုတ် ၄၊ ၂၀၂၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်၊ အူခီးယာမြို့နယ်၊ ဂျာလီယာပါ လောင်ယူနီယံ အမှတ် (၇) ရပ်ကွက်ရှိ ချန်ချာရီဒေသတွင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း ၁ ကျောင်းနှင့် ဒေသခံသက္ကမမိသားစု ၄ စု၏ နေအိမ်များ ဖျက်ဆီးခံခဲ့ရကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် မီဒီယာများက ဖော်ပြထားသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၃၁ ရက် ညနေ ၄ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူအင်အား ၂၀၀ ခန့်ပါဝင်သည့်အဖွဲ့တစ်ဖွဲ့က ချန်ချာရီ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းအတွင်း ဝင်ရောက်ဖျက်ဆီးခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။
ဒေသခံများ၏ ပြောကြားချက်အရ ဒေသခံစီးပွားရေးလုပ်ငန်းရှင် နူးရူလ်ဟက် (Nurul Haq) ဦးဆောင်သည့်အဖွဲ့နှင့် ဒေသခံအာဏာပိုင်အချို့ ပူးပေါင်းကာ သက္ကမလူမျိုးများ ပိုင်ဆိုင်သည့် ဘိုးဘွားပိုင်လယ်ယာမြေများကို အတင်းအကျပ် သိမ်းယူရန် ကြိုးပမ်းနေပြီး ယင်းဖြစ်စဉ်အတွင်း ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်များ ဖျက်ဆီးခံခဲ့ရသည်ဟု ဆိုသည်။
တိုက်ခိုက်မှုအတွင်း ဘုန်းတော်ကြီးကျောင်းရှိ ဗုဒ္ဓရုပ်ပွားတော် ၃ ဆူလည်း ဖျက်ဆီးခံခဲ့ရပြီး သက္ကမမိသားစု ၄ စု၏ နေအိမ်များမှာလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။ ဒေသခံများက အဆိုပါဖြစ်စဉ်သည် သစ်တောဌာန တာဝန်ရှိသူများ ရှိနေစဉ်အတွင်း ဖြစ်ပွားခဲ့သော်လည်း တားဆီးဆောင်ရွက်မှု မရှိခဲ့ကြောင်း ပြောဆိုထားသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ သက္ကမကျောင်းသားကောင်စီ (Ukhia Teknaf) ၏ အထွေထွေအတွင်းရေးမှူး နီပေါလ်ချက်မာ (Nepal Chakma) က ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများကို တိုက်ခိုက်ဖျက်ဆီးခြင်းသည် လုံးဝလက်မခံနိုင်သည့် လုပ်ရပ်ဖြစ်ကြောင်း ပြောကြားပြီး ကျူးလွန်သူများကို အမြန်ဆုံးဖမ်းဆီးကာ ဥပဒေအရ ထိရောက်စွာ အရေးယူပေးရန်နှင့် သက္ကမမိသားစုများ၏ လုံခြုံရေးကို အာမခံပေးရန် တောင်းဆိုထားသည်။
ထို့အပြင် ကော့စ်ဘဇားခရိုင် ဗုဒ္ဓပူဇော်ပွဲကျင်းပရေးကောင်စီ အထွေထွေအတွင်းရေးမှူး ကနွန် ဘာရူအာ ဘီရှယ် (Kanon Barua Bishal) က ကော့စ်ဘဇားဒေသသည် ဘာသာရေးသဟဇာတရှိသည့် ဒေသတစ်ခုဖြစ်ပြီး ယခုဖြစ်ရပ်သည် ယင်းအစဉ်အလာနှင့် ဆန့်ကျင်နေကြောင်း ပြောကြားကာ ကျူးလွန်သူများကို ဥပဒေအရ အရေးယူပေးရန်နှင့် အလားတူဖြစ်ရပ်များ ထပ်မံမဖြစ်ပွားစေရန် ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန် တာဝန်ရှိသူများအား တိုက်တွန်းထားသည်။
ဒေသခံသက္ကမတစ်ဦးကလည်း ၎င်းတို့၏ ဘိုးဘွားပိုင်လယ်ယာမြေများပေါ်တွင် ခွင့်ပြုချက်မရှိဘဲ လမ်းဖောက်လုပ်ခြင်းနှင့် နေအိမ်ဆောက်လုပ်ရန် ကြိုးပမ်းမှုများကြောင့် အသက်မွေးဝမ်းကျောင်း ထိခိုက်လာသည့်အပြင် လုံခြုံရေးအန္တရာယ်များလည်း ကြုံတွေ့လာနိုင်ကြောင်း ပြောကြားထားသည်။
Rf : ဘင်္ဂလားဒေ့ရှ်မီဒီယာများ


