သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အာဏာသိမ်းမှုဖြစ်စဥ်အတွင်း စစ်ကော်မရှင်ကြောင့် သေဆုံးသူ ၈,၃၀၀ ကျော်နှင့် ဖမ်းဆီးခံရသူ ၃၁,၉၀၀ ကျော်ရှိလာကြောင်း AAPP ထုတ်ပြန်

AB News – စက်တင်ဘာ ၁၂၊ ၂၀၂၆

စစ်အာဏာသိမ်းမှု ၅ နှစ်ကျော်ကာလအတွင်း စစ်ကော်မရှင်ကြောင့် သေဆုံးခဲ့ရသည့် ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း ( ၈,၃၀၀) ကျော်နှင့် ဖမ်းဆီးထိန်းသိမ်းခံရသူ (၃၁,၉၀၀) ကျော်အထိ ရှိလာကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ယမန်နေ့ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

အဆိုပါထုတ်ပြန်ချက်တွင် ဖေဖော်ဝါရီလ (၁) ရက်၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်စဥ် စတင်ချိန်မှစ၍ စက်တင်ဘာလ ၁၁ ရက်၊ ၂၀၂၆ ခုနှစ်အထိ စစ်ကော်မရှင်တပ်နှင့် ၎င်း၏လက်ပါးစေများကြောင့် ပြည်သူ (၈,၃၆၉) ဦးအထိ သေဆုံးခဲ့ရပြီး ဖမ်းဆီးခံရသူ စုစုပေါင်း (၃၁,၉၁၃) ဦး အထိ ရှိလာခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အပြင် အဆိုပါဖမ်းဆီးခံရသူများထဲမှ (၁၄,၈၀၆) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး (၇,၈၇၃) ဦးမှာ အတည်ပြုရန် လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။

အလားတူ AAPP ၏ မှတ်တမ်းများအရ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စက်တင်ဘာလ ၁၁ ရက်နေ့အထိ တနင်္သါရီတိုင်း၌ အရပ်သား (၃၄) ဦးသေဆုံးခဲ့ရပြီး ၎င်းတို့အနက် (၁၆) ဦးမှာ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး အဆိုပါဒေသတွင် အတည်ပြုရန်လိုအပ်နေဆဲ သေဆုံးသူ အရပ်သား (၄၄) ဦးအထိရှိသေးကြောင်းလည်း ဖော်ပြထားသည်။

လတ်တလောဖြစ်စဥ်အဖြစ် စက်တင်ဘာလ (၈) ရက်နေ့၊ နံနက်ပိုင်းက တနင်္သါရီတိုင်း၊ သရက်ချောင်းမြို့နယ်၌ စစ်ကော်မရှင် စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ရမ်းသမ်းပစ်ခတ်မှုကြောင့် သရက်နှစ်ခွကျေးရွာမှ ဒေါ်မြင့်မော်မှာ သေနတ်ကျည်ထိမှန်၍ သေဆုံးခဲ့ရသည်။

ယခုဖော်ပြချက်များသည် AAPP မှ လက်လှမ်းမီသမျှ ကောက်ယူထားသည့် အချက်အလက်များဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့်အချက်အလက်များမှာ ယခုထက်ပိုမိုများပြားနိုင်ကြောင်း AAPP မှ ဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ