သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဝီရဌာနီကို စစ်တပ်က Y-12 ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ကလေးငယ်တစ်ဦးအပါအဝင် (၅) ဦးဒဏ်ရာရရှိ

AB News – နိုဝင်ဘာ ၁၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ဝီရဌာနီမြို့ ပေါ် (ပေါက်တော)နှင့် ရွာချောင်းကြီးကျေးရွာကို ယနေ့ နံနက်အစောပိုင်းအချိန်တွင် စစ်တပ်က Y-12  ဖြင့် ဗုံးအလုံးရေ (၃၀) ကျော်ထက်မနည်းကြဲချတိုက်ခိုက်ခဲ့သည့်အတွက် ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ စုစုပေါင်း (၅) ဦးဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

ယနေ့ (နိုဝင်ဘာ ၁ ရက်)၊ နံနက် (၃) နာရီဝန်းကျင်တွင် စစ်ကော်မရှင်တပ်က ဝီရဌာနီမြို့ပေါ်နှင့် ရွာချောင်းကြီးကျေးရွာကို Y-12 လေယာဥ်ဖြင့် ဒရောဗုံးအလုံးရေ (၃၄) လုံးခန့်ကို ကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်မပြည့်သည့် ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူ (၅) ဦး ထိခိုက်ဒဏ်ရာရရှိပြီး အပြစ်မဲ့ပြည်သူများနေထိုင်သည့် လူနေအိမ်အများအပြား ပျက်စီးသွားခဲ့ရသည်။

အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများမှာ ဝီရဌာနီမြို့နယ်၊ ချောင်းကြီးကျေးရွာတွင် စစ်ရှောင်နေကြသည့် အသက် (၆) နှစ်အရွယ် မဆန်းနွယ်ဦး၊ အသက် (၁၄) နှစ်အရွယ် မငယ်ငယ်၊ အသက် (၂၄) နှစ်အရွယ် မမေဦးခင်၊ အသက် (၃၅) နှစ်အရွယ် ဒေါ်မစောတင်နှင့် အသက် (၇၀) အရွယ် ဦးဒါအောင်ကျော်တို့ ဖြစ်ကြသည်။

ဒဏ်ရာရရှိသွားသူများအနက် အသက် (၇၀) အရွယ် ဦးဒါအောင်ကျော်သည် ဦးခေါင်းတွင်ဗုံးစထိမှန်မှုကြောင့် အပြင်းအထန်ဒဏ်ရာရရှိသွားခဲ့သည့်အတွက် နီးစပ်ရာဆေးရုံ၌ အရေးပေါ်ဆေးကုသမှုကို ခံယူနေရပြီး ၎င်းနည်းတူ အခြားဒဏ်ရာရရှိခဲ့သူများမှာလည်း ဆေးကုသမှုကို ခံယူနေရကြောင်း သိရသည်။

လက်ရှိ စစ်မြေပြင်တွင် စစ်ရေးအရရှုံးနှိမ့်နေသည့် စစ်ကော်မရှင်တပ်သည် စစ်ရေးနှင့်မသက်ဆိုင်သည့် အရပ်သား ပြည်သူများနေထိုင်ရာကျေးရွာများ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဈေးနှင့် လူစုလူဝေးများသည့်နေရာများကို နေ့စဉ်လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်းများကို ဆက်တိုက်ပြုလုပ်လျက်ရှိနေသည်။

ပုံ – Arakan Bay News

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ