သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လူသားချင်းစာနာမှုဖြင့် မိသားစုဝင် ၃ ဦးကို AA ပြန်လွှတ်

AB News – ဇွန် ၅၊ ၂၀၂၆

ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ စစ်တွေမြို့သို့ မူးယစ်ဆေးဝါးများ တင်ဆောင်လာသည့် ဘုတ် ၂ စီးအား အာရက္ခတပ်တော် (AA) ၏ ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးရမိပြီး ထိန်းသိမ်း စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးများနှင့် ဆက်စပ် ပတ်သက်မှုမရှိကြောင်း တွေ့ရှိရသည့် မိသားစုဝင် ၃ ဦးကို လူသားချင်းစာနာထောက်ထားမှုအရ ဇွန်လ ၃ ရက်တွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မိသားစုဝင် ၃ ဦးမှာ ၂၀၂၄ ခုနှစ်အတွင်း မောင်တောမြို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာဒေသသို့ စစ်ဘေးတိမ်းရှောင် သွားရောက်နေထိုင်ခဲ့သူများဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှတစ်ဆင့် စစ်တွေမြို့သို့ ဆေးကုသမှု ခံယူရန် လာရောက်စဉ် မူးယစ်ဆေးဝါးများ တင်ဆောင်လာသည့် ဘုတ်ပေါ်  ပါသူများနှင့်အတူ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရ၏ တရားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ရက်ပေါင်း ၄၀ ကြာ ထိန်းသိမ်းစစ်ဆေးခဲ့ပြီးနောက် မူးယစ်ဆေးဝါးများနှင့် ဆက်စပ် ပတ်သက်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် လူသားချင်းစာနာထောက်ထားမှုအရ ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း AA တာဝန်ရှိသူ တစ်ဦးက AB News သို့ ပြောသည်။

“အမှုနဲ့ပတ်သက်ပြီး ထိန်းသိမ်း စစ်ဆေးခဲ့ရာမှာ အဆိုပါ မိသားစုဝင် ၃ ဦးဟာ မူးယစ်ဆေးဝါးတွေနဲ့ ဆက်စပ် ပတ်သက်မှုမရှိတာ တွေ့ရှိရတဲ့အတွက် ကျနော်တို့ရဲ့ တရားဥပဒေဆိုင်ရာ လုပ်ထုံး လုပ်နည်းတွေနဲ့အညီ လူသားချင်းစာနာထောက်ထားမှုအရ ပြန်လည် လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ ကျန်ရှိသူတွေကိုတော့ ဆက်လက်ထိန်းသိမ်း စစ်ဆေးလျက်ရှိပါတယ်” ဟု ဆိုသည်။

ပြန်လည် လွတ်မြောက်လာသူ ၃ ဦးအား အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရမှ တာဝန်ရှိသူများ၊ ဂျူရီအဖွဲ့ ဝင်များ နှင့် မူဆလင်ရေးရာ ကော်မတီဝင်များ၏ ရှေ့မှောက်တွင် မိသားစုဝင်များထံ စနစ်တကျ လွှဲပြောင်းအပ်နှံပေးခဲ့ပြီး၊ ဖမ်းဆီးစဉ် သိမ်းဆည်းရမိထားသည့် လက်ကိုင်ဖုန်းများနှင့် သက်ဆိုင်ရာပစ္စည်းများကိုလည်း ပြန်လည် အပ်နှံပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဧပြီလ ၂၄ ရက် နေ့လယ် ၁ နာရီ ၂၀ မိနစ်ခန့်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ စစ်တွေမြို့သို့ မူးယစ်ဆေးဝါးများ တင်ဆောင်လာသည့် ဘုတ်တစ်စီးသည် ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာနှင့် ချိန်ခါလီကျေးရွာကြား ပင်လယ်ကမ်းစပ် အနီးတွင် စက်ချို့ယွင်း၍ ကျောက်ချရပ်နားထားစဉ် အာရက္ခတပ်တော်၏ ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါဘုတ်ပေါ်တွင် မိသားစုဝင် ၃ ဦးအပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၇ ဦးကို ဖမ်းဆီးရမိခဲ့ပြီး၊ ဆေးခြောက် (3kg) ခန့် ၃ ထုပ်၊ (2kg) ခန့် ၃ ထုပ်၊ (1kg) ခန့် ၁၇ ထုပ်၊ စုစုပေါင်း (၂၃) ထုပ်နှင့် ယားနာလိမ်းဆေး ၂ အိတ်၊ သန္ဓေတားဆေး ၂ အိတ်၊ လက်ကိုင်ဖုန်း ၄ လုံးနှင့် ဘင်္ဂလားဒေ့ရှ် တာကာငွေ ၅၀၀ တို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ယင်းနောက် စက်ချို့ယွင်း၍ ရပ်နားထားသည့် ဘုတ်ကို လာရောက်ယူဆောင်ရန် ရောက်ရှိလာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ ဦးလိုက်ပါလာသည့် ဒုတိယမြောက် ဘုတ်တစ်စီးကိုလည်း အာရက္ခတပ်တော်၏ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များက ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်တွင် ဘုတ် ၂ စီးပေါ်မှ လူ ၁၁ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး၊ ယင်းအနက် မူးယစ်ဆေးဝါးများနှင့် ဆက်စပ် ပတ်သက်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိရသည့် မိသားစုဝင် ၃ ဦးကို အာရက္ခတပ်တော်က လူသားချင်းစာနာထောက်ထားမှုဖြင့် ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကျန်ရှိသူများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ တရားဥပဒေဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်ထိန်းသိမ်း စစ်ဆေးလျက်ရှိပြီး၊ စစ်ဆေးတွေ့ရှိချက်များ အပေါ်မူတည်၍ ဥပဒေနှင့်အညီ ဆက်လက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ