AB News – ဩဂုတ် ၁၄၊ ၂၀၂၆
ရက္ခိုင် – ဧရာဝတီအစပ်ရှိ နေရာ ၅ ခုတွင် ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်နေ့မှစတင်ကာ အာရက္ခတပ်တော် (AA) နှင့် စစ်ကော်မရှင်တပ်တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြောင်း AA က သြဂုတ်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ ပွိုင့် (၁၀၁) အနီးဝန်းကျင်နှင့် သာပေါင်းမြို့နယ်၊ သာပေါင်းကလေးကျေးရွာ အနီးဝန်းကျင်ရှိ အာရက္ခတပ်တော်စစ်ကြောင်းများ ရှိရာနေရာများကို ဩဂုတ်လ ၁၂ ရက်နေ့တွင် စစ်ကော်မရှင်တပ်မှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ဝင်ရောက်လာမှုကြောင့် နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့ခြင်း ဖြစ်သည်။
ယင်းနေ့တစ်ရက်တည်းမှာပင် သာပေါင်းမြို့နယ်ဘက်မှ ထိုးစစ်ဆင်လာသော စစ်ကော်မရှင်တပ်၊ တပ်မ (၆၆) လက်အောက်ခံ ခလရ (၁၀၁) တပ်ရင်းနှင့် အာရက္ခတပ်တော်တို့သည် သာပေါင်းကလေးကျေးရွာ၏ အရှေ့ဘက် မီတာ (၁၀၀၀) ခန့်အကွာတွင် နံနက် ၆ နာရီ ၅၃ မိနစ်မှ ၉ နာရီ ၅၃ မိနစ်အထိ ၃ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သည် ၎င်းတို့၏ အားသာချက်ဖြစ်သော ဂျက်ဖိုက်တာ၊ Y-12၊ ဒရုန်းနှင့် မြေပြင် လက်နက်ကြီးပစ်ကူများ အများအပြားသုံး၍ အပြင်းအထန် ထိုးစစ်ဆင်ခဲ့သော်လည်း အာရက္ခတပ်တော်မှ တန်ပြန်ထိုးစစ်ဖြင့် ခုခံတိုက်ခိုက်ခဲ့သဖြင့် စစ်ကော်မရှင်တပ်ဘက်မှ အထိအခိုက် အကျအဆုံးများစွာဖြင့် ဆုတ်ခွာသွားခဲ့ရပြီး စစ်ကော်မရှင်တပ်သား အလောင်းအချို့နှင့် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း ဖော်ပြထားသည်။
အလားတူ ရေကြည်မြို့နယ်ဘက်မှ ထိုးစစ်ဆင်လာသော တပ်မ (၆၆) လက်အောက်ခံ ခလရ (၁)၊ (၁၁) တပ်ရင်းများနှင့် အာရက္ခတပ်တော် စစ်ကြောင်းများသည် ပွိုင့် (၁၀၁) ကုန်း၏ တောင်ဘက် မီတာ (၃၇၃) ခန့်တွင် နံနက် ၇ နာရီမှ နေ့လယ် ၂ နာရီ ၃၉ မိနစ်အထိ လည်းကောင်း၊ ပွိုင့် (၁၀၁) ကုန်း၏ အနောက်တောင်ဘက် ၁.၁၃ ကီလိုမီတာခန့် အကွာတွင်လည်း နံနက် ၉ နာရီ ၂၄ မိနစ်မှ နေ့လယ် ၁ နာရီ ၄၀ မိနစ်အထိ လည်းကောင်း နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
စစ်ကော်မရှင်တပ်သည် အာရက္ခပြည်အတွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်ရေးအတွက် ရက္ခိုင်ဒေသနှင့် နယ်မြေထိစပ်နေသည့် တိုင်းနှင့် ပြည်နယ်အသီးသီးမှ ထိုးစစ်ဆင်မှုများကို တစ်နှစ်ကျော် နှစ်နှစ်နီးပါးခန့် နည်းလမ်းမျိုးစုံဖြင့် အကြိမ်ကြိမ် ပြုလုပ်လျက်ရှိရာ ယခုရက်ပိုင်းအတွင်း အဆိုပါ ရက္ခိုင်-ဧရာဝတီ နယ်စပ်အစပ်နေရာများ၌ တိုက်ပွဲများ ပိုမိုပြင်းထန်လာခြင်း ဖြစ်ကြောင်းလည်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Photo – AA Info Desk
