သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်တွင် မိုးကြီး၊ ရေကြီး မြေပြိုနိုင်ဟု MMWeather သတိပေး

AB News – ဇူလိုင် ၂၁၊ ၂၀၂၆

ရက္ခိုင်ပြည်တွင် လာမည့် ဇူလိုင်လ ၂၅ ရက်နေ့နောက်ပိုင်း မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး ပင်လယ်ပြင် လှိုင်းလေထန်လာခြင်းကြောင့် တောင်ကျရေလျှံခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သည့်အတွက် အထူးသတိထားကြရန် MMWeather က ဇူလိုင်လ ၂၁ ရက်တွင် မိုးလေဝသသတိပေးထုတ်ပြန် ထုတ်ပြန်လိုက်သည်။

MMWeather ၏ ခန့်မှန်းချက်အရ ဇူလိုင်လ ၂၅ ရက်မှ ၂၇ ရက်အတွင်း မြန်မာ့အနောက်ဘက်ကမ်းရိုးတန်း ဒေသများဖြစ်သည့် ရက္ခိုင်နှင့် တနင်္သာရီ ကမ်းလွန်ပင်လယ်ပြင် တို့တွင် တစ်နာရီလျှင် ၃၅ မိုင်မှ ၄၅ မိုင်နှင့်အထက် လေပြင်းတိုက်ခတ်နိုင်ပြီး ပင်လယ်ပြင်၌ လှိုင်းအမြင့် ၇ ပေမှ ၈ ပေခန့် အထိ မြင့်တက်လာနိုင်ကြောင်း သိရသည်။

ထို့အပြင် ဇူလိုင်လ ၂၇ ရက်ဝန်းကျင် တွင် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း၌ ဖြစ်ပေါ်လာနိုင်သည့် လေပွေလှိုင်း (Low Pressure Area) နှင့် အနောက်တောင်မုတ်သုံလေ အားကောင်းစွာ ပူးပေါင်းသက်ရောက်နိုင်ခြင်းကြောင့် ရက္ခိုင်ပြည်ရှိ သံတွဲ၊ ကျောက်ဖြူနှင့် စစ်တွေ အပါအဝင် ဒေသအချို့တွင် သုံးရက်အတွင်း မိုးရေချိန် ၂၀၀ မီလီမီတာမှ ၃၀၀ မီလီမီတာ (၈ လက်မမှ ၁၂ လက်မနှင့်အထက်) အထိ ရွာသွန်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။

မိုးရေချိန် မြင့်မားစွာရွာသွန်းနိုင်မှုကြောင့် မြစ်ချောင်းများ ရေတိုးလာနိုင်သည့်အပြင် တောင်တန်းဒေသများနှင့် ချိုင့်ဝှမ်းဒေသများတွင် တောင်ကျရေလျှံခြင်း (Flash Flood) လျှပ်တစ်ပြက်ရေကြီးခြင်း (Flash Flooding) နှင့် မြေပြိုခြင်း (Landslide) များ ဖြစ်ပေါ်နိုင်သည့် အန္တရာယ်ရှိကြောင်း MMWeather က သတိပေးထားသည်။

အထူးသဖြင့် ရေကြီးရေလျှံမှုဒဏ် ခံခဲ့ရသည့် ဒေသများ၊ မြေပြိုနိုင်သည့် တောင်စောင်းများနှင့် မြစ်ချောင်းအနီး နေထိုင်သူများအနေဖြင့် မိုးလေဝသအခြေအနေကို အနီးကပ်စောင့်ကြည့်ပြီး သက်ဆိုင်ရာ သတိပေးချက်များကို လိုက်နာရန် လိုအပ်ကြောင်း သိရသည်။

ယင်းကြောင့် ရက္ခိုင် ပင်လယ်ပြင်တွင် လေပြင်းနှင့် လှိုင်းကြီးနိုင်သဖြင့် ငါးဖမ်းရေယာဉ်များ၊ ကုန်တင်ရေယာဉ်များနှင့် ပင်လယ်ပြင်သို့ သွားလာမည့်သူများအနေဖြင့် အထူးသတိပြုကြရန် လိုအပ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ