AB News – ဇူလိုင် ၁၄၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုကြောင့် ထိခိုက်ခဲ့သည့် မူဆလင်ကျေးရွာ ၂ ရွာသို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က အရေးပေါ် စားနပ်ရိက္ခာများ ထောက်ပံ့ပေးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်မှစတင်၍ မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် မောင်တောမြို့နယ်ရှိ အာချိတ်ကျာ (မူဆလင်) ကျေးရွာနှင့် အဘူဂျာ (မူဆလင်) ကျေးရွာတို့တွင် ပြင်းထန်သည့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်။
ရေဘေးသင့် အာချိတ်ကျာကျေးရွာတွင် အိမ်ထောင်စု ၂၆ စု၊ လူဦးရေ ၁၅၂ ဦးရှိပြီး အဘူဂျာကျေးရွာတွင် အိမ်ထောင်စု ၁၅ စု၊ လူဦးရေ ၂၂၉ ဦးရှိကြောင်း သိရသည်။
အဆိုပါ ရေဘေးသင့်ပြည်သူများအတွက် ULA/AA က ဆန်၊ ဆီ၊ ဆားနှင့် ငရုတ်သီးအပါအဝင် အခြေခံစားသောက်ကုန်များကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီအဖြစ် ဖြန့်ဝေပေးခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ကျန်းမာရေးအခြေအနေ မကောင်းမွန်သူများကို ဆေးဘက်ဆိုင်ရာ စစ်ဆေးကုသပေးခြင်းနှင့် လိုအပ်သည့် ဆေးဝါးများ ထောက်ပံ့ပေးခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ အရေးပေါ်အကူအညီများ လာရောက်ထောက်ပံ့ပေးမှုအပေါ် ကျေးဇူးတင်ရှိကြောင်း ရေဘေးသင့် မူဆလင်ဒေသခံများက AB News သို့ ပြောသည်။
“ရက္ခိုင်ပြည်တစ်ပြည်လုံး ရေကြီးရေလျှံမှုတွေ ကြုံနေရတဲ့ကြားထဲက အခုလို လူမျိုး၊ ဘာသာမရွေး AA က လာရောက်ကယ်ဆယ်ပြီး ထောက်ပံ့ပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ ရေနစ်မြုပ်ပြီး စားစရာမရှိလို့ အခက်အခဲကြုံနေရတဲ့အချိန်မှာ အခုလို ကူညီပေးတဲ့အတွက် နည်းနည်းတော့ အဆင်ပြေသွားပါပြီ” ဟု ရေဘေးသင့် မူဆလင်ဒေသခံတစ်ဦးက ပြောသည်။
ရက္ခိုင်ပြည်ရှိ မြို့နယ် ၇ ခုထက်မနည်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် တောင်ကျရေစီးဆင်းမှုများကြောင့် ဇူလိုင်လ ၇ ရက်မှစတင်ကာ ကျယ်ပြန့်သည့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။
ရေဘေးကြောင့် လူနေအိမ်များ၊ လမ်းတံတားများနှင့် စိုက်ပျိုးမြေများ ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူများ၏ သွားလာရေးနှင့် နေ့စဉ်လူမှုဘဝများအပေါ် သိသာစွာ သက်ရောက်မှုရှိခဲ့သည်။
ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည့် မြို့နယ်အချို့တွင် ဇူလိုင်လ ၁၂ ရက်မှစတင်၍ ရေပြန်လည်ကျဆင်းလာခဲ့သော်လည်း ရေဘေးသင့်ပြည်သူများအတွက် အစားအစာ၊ သန့်ရှင်းသောသောက်သုံးရေနှင့် ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဆက်လက် လိုအပ်နေဆဲဖြစ်သည်။
Photo – AB News





