သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် ၂၄ ကြိမ်မြောက် ဟိန္ဒူရိုးရာ ဇော်ဂေါ်န္နတ် ရထားဆွဲပွဲတော် စည်ကားစွာ ကျင်းပ

AB News – ဇူလိုင် ၁၇၊ ၂၀၂၆

ရက္ခိုင်ပြည် မြောက်ပိုင်း မောင်တောမြို့တွင် ဟိန္ဒူဘာသာဝင်များ၏ အရေးပါသော ရိုးရာဘာသာရေးပွဲတော်တစ်ခုဖြစ်သည့် (၂၄) ကြိမ်မြောက် သျှီရီသျှီရီဇော်ဂေါ်န္နတ် ရထားဆွဲပွဲတော် ကို ဇူလိုင် ၁၆ ရက်နေ့မှ စတင်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရထားဆွဲပွဲတော်သည် ဟိန္ဒူဘာသာဝင်များအကြား နှစ်စဉ်ကျင်းပလေ့ရှိသည့် အရေးကြီးသော ဘာသာရေးအခမ်းအနားတစ်ခုဖြစ်ပြီး ဘာသာရေးယုံကြည်မှုများ၊ ရိုးရာယဉ်ကျေးမှုများနှင့် လူမှုအသိုင်းအဝိုင်း၏ စည်းလုံးညီညွတ်မှုကို ဖော်ပြသည့် ပွဲတော်တစ်ရပ်ဖြစ်သည်။

ပွဲတော်အတွင်း ဟိန္ဒူဘာသာဝင်များက ဗိဿနိုးဘုရား၏ ပုံသဏ္ဍာန်တစ်ရပ်အဖြစ် ယုံကြည်ကိုးကွယ်ကြသည့် ဇော်ဂေါ်န္နတ်ဘုရား၏ ရုပ်တုကို အလှဆင်ထားသည့် ရထားတော်ပေါ်တွင် ပင့်ဆောင်ကာ မြို့တွင်းလှည့်လည်ပူဇော်ခြင်း၊ ဘာသာရေး ဝတ်ပြုဆုတောင်းခြင်းများ ပြုလုပ်ကြသည်။

ယခုနှစ်ပွဲတော်ကို ဇူလိုင် ၁၆ ရက်မှ ၂၄ ရက်အထိ ကိုးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး မောင်တောမြို့ခံများအပြင် အနီးဝန်းကျင်ရှိ ကျောက်တော်နှင့် ဘူးသီးတောင်မြို့နယ်များမှ ဟိန္ဒူဘာသာဝင်များလည်း လာရောက်ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

ပွဲတော်ပထမနေ့တွင်ပင် ယခင်နှစ်များထက် လာရောက်သူများပြားခဲ့ပြီး ရောင်စုံအလှဆင်ထားသည့် ဘုရားရထားတော်၊ ရိုးရာဝတ်စုံများ ဝတ်ဆင်ထားသူများ၊ ဘာသာရေးတေးသီချင်းများနှင့်အတူ မောင်တောမြို့တွင်းတွင် စည်ကားသိုက်မြိုက်သည့် မြင်ကွင်းများကို တွေ့မြင်ခဲ့ရသည်။

ပွဲတော်ကာလအတွင်း ဘုရားရထားလှည့်လည်ပူဇော်ခြင်းများအပြင် ဟိန္ဒူရိုးရာယဉ်ကျေးမှု ဖျော်ဖြေရေးအစီအစဉ်များ၊ ဘာသာရေးဆိုင်ရာ အခမ်းအနားများနှင့် လာရောက်သူများအား သက်သက်လွတ်အစားအစာများ ကျွေးမွေးလှူဒါန်းခြင်းများကိုလည်း ပြုလုပ်သွားမည်ဖြစ်သည်။

ဒေသခံ ဟိန္ဒူဘာသာဝင်တစ်ဦးက ယခုကဲ့သို့ ရိုးရာပွဲတော်ကို ပြန်လည်ကျင်းပနိုင်ခြင်းအပေါ် ဝမ်းမြောက်ကြောင်း ပြောဆိုသည်။

“အခုလို ကိုယ့်ရဲ့ ဘာသာရေးနဲ့ ရိုးရာဓလေ့တွေကို လွတ်လပ်စွာ ဖော်ထုတ်ကျင်းပခွင့်ရတာ အရမ်းဝမ်းသာပါတယ်။ အရင်နှစ်တွေမှာ လုံခြုံရေးအခြေအနေတွေကြောင့် အပြည့်အဝ မကျင်းပနိုင်ခဲ့ပေမယ့် အခုတော့ မိသားစုတွေနဲ့အတူ စည်စည်ကားကား ပါဝင်နိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

ဟိန္ဒူဘာသာဝင်များ၏ ယုံကြည်ချက်အရ ရထားတော်ကြိုးကို ပါဝင်ဆွဲငင်ခြင်းနှင့် ဇော်ဂေါ်န္နတ်ဘုရားအား ဖူးမြော်ခြင်းသည် ကောင်းကျိုးမင်္ဂလာများ ရရှိစေပြီး အတိတ်က အပြစ်များ ပြေပျောက်ကာ ကံကောင်းခြင်းများ ရရှိစေသည်ဟု ယုံကြည်ကြသည်။

ယခုကဲ့သို့ ဘာသာရေးပွဲတော်များ ပြန်လည်ကျင်းပနိုင်ခြင်းသည် ဒေသတွင်းရှိ လူမျိုးနှင့် ဘာသာအသီးသီး၏ ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းဖော်ထုတ်နိုင်သည့် အခွင့်အရေးတစ်ရပ်ဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

မောင်တောမြို့နယ်တွင် ယခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း ဟိန္ဒူဘာသာဝင်များ၏ အရေးကြီးသော ဘာသာရေးပွဲတော်တစ်ခုဖြစ်သည့် မဟာရာမယန ဟရိနာမ ရာမ ပွဲတော် ကို လေးရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

နှစ်စဉ်ကျင်းပလေ့ရှိသည့် သျှီရီသျှီရီဇော်ဂေါ်န္နတ် ရထားဆွဲပွဲတော်သည် လုံခြုံရေးနှင့် စစ်ရေးအခြေအနေများကြောင့် ယခင်နှစ်အချို့တွင် ရပ်နားခဲ့ရသော်လည်း လက်ရှိအခြေအနေတွင် ပြန်လည် ကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေသခံများက ယခုကဲ့သို့ ရိုးရာဘာသာရေးပွဲတော်များ ပြန်လည်ရှင်သန်လာခြင်းသည် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းနိုင်ခြင်းသာမက မတူကွဲပြားသော အသိုင်းအဝိုင်းများအကြား အပြန်အလှန်လေးစားမှုနှင့် နားလည်မှုကို တိုးမြှင့်ပေးနိုင်မည့် အရေးကြီးသော အခမ်းအနားများဖြစ်ကြောင်း ပြောဆိုကြသည်။

Photo – Hein Tun/AB News

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ