သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့သူများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ပြန်လည်လက်ခံကာ နေရာချထားပေး

AB News – ဇွန် ၈၊ ၂၀၂၆

ရက္ခိုင်ဒေသအတွင်း စစ်ကော်မရှင် နှင့် အာရက္ခတပ်တော် AA တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း အာရက္ခ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးရှိ တောင်ပြို၊ မီးတိုက်၊ သင်္ဘောလှ အပါအဝင် ကျေးရွာအများအပြားမှ လူနည်းစု ဒေသခံအများအပြားသည် စစ်ရေးအခြေအနေများနှင့် လုံခြုံရေးဆိုင်ရာ စိုးရိမ် ပူပန်မှုများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရကြောင်း သိရသည်။

အဆိုပါ နယ်စပ်ဒေသများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ထိစပ်လျက်ရှိပြီး အကြမ်းဖက် ARSA၊ RSO၊ RIM နှင့် ARA ကဲ့သို့သော လက်နက်ကိုင်အဖွဲ့များ လှုပ်ရှားရာ ဒေသများဖြစ်သည့်အတွက် ဒေသတွင်းလုံခြုံရေး၊မိမိရပ်ရွာကို မိမိတို့ကာကွယ်ရေး နှင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်နိုင်ရန် အာရက္ခတပ်တော် AA က ၂၀၂၄ ခုနှစ်အတွင်း ဒေသန္တရ အခြေအနေအရ ရပ်ရွာ ကာကွယ်ရေး ပြည်သူ့စစ် သင်တန်းများအတွက် အရေးပေါ်နှိုးဆော်မှုများ ပြုလုပ်ခဲ့သည်။

ထို့နောက် ၂၀၂၅ ခုနှစ် မတ်လ ၁၈ ရက်တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA က အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် (National Defense Emergency Provision – NDEP) ကို စတင်ပြဋ္ဌာန်းခဲ့ပြီး တစ်အိမ်ထောင်လျှင် လူတစ်ဦးနှုန်းဖြင့် အမျိုးသမီးများအတွက် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းနှင့် အမျိုးသားများအတွက် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်းရှိသူများသည် ၂ နှစ် စစ်မှုထမ်းရမည် ဖြစ်ကြောင်း ဆိုသည်။

ထို့ပြင် စစ်မှုထမ်းရန် အကျုံးဝင်သူများ၏ ဒေသပြင်ပသို့ ထွက်ခွာမှုများနှင့် အခကြေးငွေယူ၍ သယ်ယူပို့ဆောင်ပေးခြင်း များကိုလည်း တားမြစ် ကန့်သတ်ထားကြောင်း သိရသည်။

နယ်စပ်ကျေးရွာများရှိ လူနည်းစု ဒေသခံများသည် စစ်ရေးအခြေအနေများအပေါ် စိုးရိမ်ထိတ်လန့်မှုများ မြင့်တက်ခဲ့ကြပြီး အ​ကြမ်းဖက် လက်နက်ကိုင် အဖွဲ့များ၏ သွေးထိုးလှုံ့ဆော်မှုနှင့် ကြုံတွေ့ခဲ့ရသောကြောင့် ၂၀၂၄ ခုနှစ် ဩဂုတ်လ အတွင်းမှစတင်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင် ခဲ့ကြရကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်တွင် ခိုလှုံနေထိုင်ခဲ့ကြသူများသည် စားဝတ်နေရေး၊ အလုပ်အကိုင်၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် လက်ရှိတွင် ရက္ခိုင်ဒေသအတွင်း လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တရားများ တဖြည်းဖြည်း တည်ငြိမ်လာသည့်အတွက် မိမိတို့၏ နေရပ်ဒေသများသို့ ပြန်လည် ဝင်ရောက်လာကြသည်ကို တွေ့ရသည်။

ထိုသို့ ပြန်လည်ဝင်ရောက် လာကြသူများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ပြန်လည်လက်ခံကြိုဆိုခဲ့ပြီး နေထိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခြင်းနှင့် လူမှုဘဝပြန်လည်ထူထောင်နိုင်ရန် လိုအပ်သည့် အကူအညီများကို ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း AB News ၏ ကွင်းဆင်း လေ့လာတွေ့ရှိချက်များအရ တွေ့ရသည်။

ပြန်လည်ဝင်ရောက်လာသည့် မီးတိုက်ကျေးရွာမှ သက္ကမဒေသခံ ဦးသာထွန်းမောင်က “စစ်ပွဲက ပြင်းနေတော့ ကျနော်တို့က မိသားစုစားဝတ်နေရေးအတွက် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားတာပါ။ အဲ့ဒီမှာ ပိုပြီးအဆင်မပြေဖြစ်သွားတယ်။ အလုပ်အကိုင်တွေမရှိဘူး၊ စားဝတ်နေရေးကအစ အခက်အခဲတွေ များလာတယ်။ ဒါကြောင့် ရက္ခိုင်ပြည်မှာ သေရင်သေပါစေဆိုပြီး အလုပ်တွေ အဆင်ပြေအောင် လုပ်မယ်လို့ ပြန်လာခဲ့တာပါ။ ပြန်ရောက်လာတဲ့အခါ အုပ်ချုပ်ရေးအဖွဲ့တွေကို သတင်းပို့ခဲ့တယ်။ ဘာကြောင့် ထွက်သွားတယ်၊ ဘာကြောင့် ပြန်လာတယ်ဆိုတာ မေးမြန်းတာတွေရှိပေမယ့် အရေးယူတာမျိုးတော့ မရှိပါဘူး” ဟု ပြောသည်။

ယခင်က စစ်ရေးပဋိပက္ခများ နှင့် ပြည်သူ့စစ်သင်တန်းခေါ်ယူမှုများကြောင့် နယ်စပ်ဖြတ်ကျော်၍ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသူများကိုပင် ပြန်လည်လက်ခံထားခြင်းသည် ဒေသတွင်း ပြန်လည်သင့်မြတ်ရေးနှင့် လူမှုတည်ငြိမ်ရေးအတွက် အရေးပါသည့် လုပ်ဆောင်ချက်တစ်ရပ်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုသည်။

နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက “တောင်ပြို၊ မီးတိုက်လို နယ်စပ်ဒေသတွေဟာ ARSA နဲ့ RSO လို အဖွဲ့တွေ လှုပ်ရှားနေတဲ့ ဒေသတွေဖြစ်လို့ AA အနေနဲ့ ဒေသလုံခြုံရေးအတွက် စစ်သင်တန်းတွေ ခေါ်ယူရတာ သဘာဝကျပါတယ်။ ဒါပေမယ့် သတင်းအချက်အလက် မရရှိတဲ့ လူနည်းစုတွေက ကြောက်လန့်ပြီး ထွက်ပြေးသွားခဲ့ကြတာဖြစ်နိုင်တယ်”ဟုဆိုသည်။

၎င်းက ဆက်လက်၍ “ရက္ခိုင်ဒေသမှာ စစ်ရေးအခြေအနေတွေကြောင့် နေရပ်စွန့်ခွာပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ရတဲ့ ပြည်သူတွေ ပြန်လည် ဝင်ရောက်လာတာဟာ ဒေသတည်ငြိမ်မှု ပြန်လည်ဖော်ဆောင်လာနေတဲ့ လက္ခဏာတစ်ခုလို့ မြင်ရပါတယ်။ အရေးကြီးတာက ဒီလိုပြန်လာသူတွေကို အရေးယူတာမျိုးမလုပ်ပဲ လက်ခံထားနိုင်ခြင်းက ပြည်သူနဲ့ အုပ်ချုပ်ရေးအကြား ယုံကြည်မှုတည်ဆောက်ရေးအတွက် အလွန်အရေးပါတဲ့ ခြေလှမ်းဖြစ်ပါတယ်” ဟု သုံးသပ်ထားသည်။

လက်ရှိတွင် အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် NDEP ကို ပြဋ္ဌာန်းပြီးနောက်ပိုင်း အာရက္ခဒေသအတွင်းရှိ မြို့နယ်အသီးသီးမှ ပြည်သူအများအပြားသည် သတ်မှတ်ချက်များနှင့်အညီ စစ်သင်တန်းများသို့ လာရောက် တက်ရောက်လျက်ရှိကြောင်း တွေ့ရသည်။

ဒေသခံများနှင့် နီးစပ်သူများ၏ ပြောဆိုချက်အရ ဒေသလုံခြုံရေးနှင့် မိမိတို့၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်နိုင်ရန် ရည်ရွယ်၍ စစ်သင်တန်းများတွင် ပူးပေါင်းပါဝင်လာသူများ များပြားလာနေကြောင်း သိရသည်။

လက်ရှိတွင် အာရက္ခတပ်တော် (AA) သည် ဒေသလုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်ရေးအဆင်ပြေစေရန် တောတောင်ထူထပ်သည့်နေရာများကို ခုတ်ထွင်ရှင်းလင်းခြင်း၊ လမ်းများပြုပြင်ခြင်းနှင့် သွားလာရေးလမ်းကြောင်းများ ဖွင့်လှစ်ပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း ဒေသခံများက ပြောဆိုသည်။

AB News သတင်းဌာနက ကောက်ယူထားသော စာရင်းများအရ မီးတိုက်ကျေးရွာတွင် အိမ်ထောင်စု (၁၃၅) စု၊ လူဦးရေ (၂၉၅) ဦးခန့်ရှိပြီး သင်္ဘောလှကျေးရွာတွင် အိမ်ထောင်စု (၁၅၁) စု၊ လူဦးရေ (၆၇၀) ဦးခန့်ရှိကြောင်း သိရသည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပြန်လည်ဝင်ရောက်လာသူများကို ၎င်းတို့၏ မူလကျေးရွာများတွင် ပြန်လည်နေရာချထားပေးထားပြီး လူမှုဘဝပြန်လည်ထူထောင်ရေးနှင့် ဒေသတည်ငြိမ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရသည်။

ထို့ကြောင့် စစ်ရေးပဋိပက္ခများကြားမှ အကြောင်း အမျိုးမျိုးကြောင့် မိမိဒေသကို စွန့်ခွာခဲ့ရသူများကိုပင် ပြန်လည်လက်ခံကာ နေထိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးနေခြင်းသည် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ပြန်လည်သင့်မြတ်ရေး နှင့် လူသားချင်းစာနာ ထောက်ထားရေးဆိုင်ရာ ရပ်တည်ချက်ကို ထင်ဟပ်စေသည့် လုပ်ဆောင်ချက် တစ်ရပ်အဖြစ် မြင်တွေ့ရကြောင်း ပြည်သူများက ထောက်ပြ ပြောဆိုကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ