
အာရက္ခအမျိုးသားလွတ်မြောက်ရေး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့်အချိန်တွင် တိုက်ပွဲများကို ဆက်လက်ဆင်နွှဲရင်း အာရက္ခဒေသ တည်ဆောက်ရေးလုပ်ငန်းများကိုလည်း တစ်ပြိုင်နက်တည်း ဆောင်ရွက်နေကြောင်း အာရက္ခတပ်တော် AA ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောကြားထားသည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ ပထမဆုံးပါတီစာစောင် အတွဲ (၁)၊ အမှတ် (၁) တွင် ဒေါက်တာညိုထွန်းအောင်က အာရက္ခဒေသ၏ လက်ရှိတော်လှန်ရေး၊ စစ်ရေးနှင့် တည်ဆောက်ရေးအခြေအနေများကို ရေးသားဖော်ပြထားသည်။
အာရက္ခဒေသသည် တိုက်ပွဲများကြားတွင် နောက်မဆုတ်ဘဲ အာရက္ခအမျိုးသားလွတ်မြောက်ရေး တိုက်ပွဲလမ်းမကြီးပေါ်တွင် အာရက္ခပြည်သူ လူထုတစ်ရပ်လုံးနှင့်အတူ လက်တွဲကာ အာရက္ခဒေသတစ်ခုလုံးကို ဖက်ဆစ်စစ်အုပ်စုလက်အောက်မှ လွတ်မြောက်ရေး ရည်မှန်းချက်ကို ဆက်လက်အကောင်အထည်ဖော်နေကြောင်း ၎င်းက ဖော်ပြထားသည်။
အာရက္ခပြည်သူများ မျှော်လင့်နေသည့် ” အမျိုးသားအောင်ပွဲနေ့ရက်မြတ် “သည် လက်တကမ်းအလိုသို့ ရောက်ရှိနေပြီဟု ဖော်ပြထားသော်လည်း တော်လှန်ရေး၏ သဘောသဘာဝအရ ခက်ခဲကြမ်းတမ်းသည့် ကာလတစ်ခုကို မလွဲမရှောင်သာ ဖြတ်သန်းရဦးမည်ဖြစ်ကြောင်း ဒေါက်တာညိုထွန်းအောင်က ရေးသားထားသည်။
တော်လှန်ရေးကာလအတွင်း ( Through the Storm) မုန်တိုင်းကို ဖြတ်သန်းခြင်း ဆိုသည့် အခြေအနေမျိုးသည် အချိန်မရွေး ရောက်ရှိလာနိုင်ကြောင်း ဒေါက်တာညိုထွန်းအောင်က ရေးသားထားသည်။
မုန်တိုင်းမည်မျှပင် ပြင်းထန်သည်ဖြစ်စေ၊ လေတိုက်နှုန်း မည်မျှပင်ပြင်းထန်သည်ဖြစ်စေ အကြိမ်တိုင်း ကျော်ဖြတ်နိုင်ရန် ခွန်အား၊ ဉာဏ်ပညာ၊ စည်းလုံးမှုနှင့် သတ္တိ တို့ အမြဲရှိနေရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုထားသည်။
တော်လှန်ရေး၏ အဓိပ္ပာယ်တစ်ရပ်မှာ အပြောင်းအလဲနှင့် ပြောင်းလဲရန် ကြိုးပမ်းခြင်းဖြစ်သည့်အတွက် မြန်မာစစ်အုပ်စု၏ နေရာတွင် အာရက္ခဒေသအတွက် လိုအပ်သည့် အဖွဲ့အစည်းများ၊ အုပ်ချုပ်ရေးယန္တရားများနှင့် စနစ်များကို အစားထိုးတည်ဆောက်ရန် ကြိုးပမ်းနေကြောင်းလည်း ဖော်ပြထားသည်။
အာရက္ခဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသော်လည်း အာရက္ခတိုင်းပြည် တည်ဆောက်ရေးကို တစ်ပြိုင်နက်တည်း လုပ်ဆောင်နေပြီး ယင်းလုပ်ငန်းစဉ်ကို ” တိုက်ရင်းတည်ဆောက်၊ တည်ဆောက်ရင်းတိုက်” ဆိုသည့် ပုံစံဖြင့် ဆောင်ရွက်နေကြောင်း ဒေါက်တာညိုထွန်းအောင်က ရေးသားထားသည်။
ပါတီတည်ဆောက်ရေးနှင့် တိုးချဲ့ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဌာနဆိုင်ရာများကို ဖွဲ့စည်းပုံပြည့်မီစေရေး၊ အရည်အသွေးပြည့်ဝသည့် အစိုးရဝန်ထမ်းများ ပေါ်ပေါက်လာစေရေးနှင့် မရှိသေးသည့် ဌာနအသစ်များကို တိုးချဲ့ဖွဲ့စည်းရေးတို့ကို လုပ်ဆောင်နေကြောင်း ဆိုသည်။
ထိုသို့ တိုက်ပွဲများနှင့်အတူ အုပ်ချုပ်ရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများကိုပါ တစ်ပြိုင်နက်တည်း ဆောင်ရွက်နေခြင်းသည် အာရက္ခတော်လှန်ရေး၏ အနှစ်သာရဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
စစ်ရေးအခြေအနေများနှင့်ပတ်သက်၍ စစ်တွေ၊ ကျောက်ဖြူ စစ်မျက်နှာပြင်များ၊ အာရက္ခ-မကွေးအစပ်၊ အာရက္ခ-ပဲခူးအစပ်၊ အာရက္ခ-ဧရာဝတီတိုင်းအစပ်၊ ချင်းပြည်-ပလက်ဝ-အာရက္ခအစပ်နှင့် အာရက္ခကမ်းရိုးတန်းဘက်တို့တွင် စစ်ရေးလှုပ်ရှားမှုများကို တွေ့မြင်နေရကြောင်း ၎င်းက ရေးသားထားသည်။
လာမည့် မိုးကုန် ဆောင်းအစပိုင်းကာလတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည့် အခြေအနေကို တွေ့မြင်နေရကြောင်းလည်း ULA ပါတီစာစောင်တွင် ဖော်ပြထားသည်။
အာရက္ခပြည်သူ့ဝန်ထမ်းများ၊ အာရက္ခဒေသကို ကာကွယ်နေသည့် အာရက္ခစစ်သည်တော်များ၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေး (DLEPS) တပ်ဖွဲ့ဝင်များအပါအဝင် အာရက္ခတိုင်းပြည်တည်ဆောက်ရေးတွင် ပုံစံမျိုးစုံဖြင့် ပါဝင်နေသူများ၏ ပေးဆပ်မှုနှင့် တာဝန်ကျေပွန်မှုများကို အသိအမှတ်ပြု ဂုဏ်ပြုကြောင်း ဒေါက်တာညိုထွန်းအောင်က ဖော်ပြထားသည်။
၎င်းတို့အနေဖြင့် ခွန်အား၊ ယုံကြည်ချက်၊ ဝီရိယနှင့် ပေးဆပ်မှုများဖြင့် ဆက်လက်ကြိုးပမ်းကြရန်လည်း တိုက်တွန်းထားသည်။
အာရက္ခစာပေ၊ အနုပညာ၊ သုခုမနှင့် သဘင်ကဏ္ဍများ တဖြည်းဖြည်း ပိုမိုအားကောင်းလာစေရန် ကြိုးပမ်းနေကြောင်းလည်း ပါတီစာစောင်တွင် ဖော်ပြထားသည်။
ULA က ဦးစီးထုတ်ဝေသည့် ပါတီစာစောင်သည် အာရက္ခစာပေကဏ္ဍ အားကောင်းလာရေး၊ စာပေနှင့် အနုပညာရှင်များအတွက် ရေးသားဖော်ပြနိုင်သည့် နေရာတစ်ခု ရရှိရေးနှင့် တည်ငြိမ်သည့် ရက္ခိုင်စာပေ၊ စာလုံးပေါင်းသတ်ပုံ ပေါ်ပေါက်လာရေးတို့အတွက် အထောက်အကူပြုရန် ရည်ရွယ်ထားကြောင်း ဒေါက်တာညိုထွန်းအောင်က ရေးသားထားသည်။
ထို့အပြင် ပါတီ၏ မူဝါဒများနှင့် လုပ်ဆောင်ချက်များကို ပြည်သူများထံ ချပြခြင်း၊ ပြည်သူ့အသံကို နားထောင်ခြင်းတို့မှတစ်ဆင့် အစိုးရ၊ ပါတီ၊ ပြည်သူနှင့် တပ်တော်အကြား နားလည်မှု ပိုမိုတိုးတက်လာစေရန် မျှော်လင့်ကြောင်းလည်း ဖော်ပြထားသည်။
နောက်ဆုံးတွင် မုန်တိုင်းနှင့် စစ်ရေးအခက်အခဲများ မည်မျှပင် ရှိနေစေကာမူ တည်တည်ငြိမ်ငြိမ်ဖြင့် ရည်မှန်းချက်မပျောက်ဘဲ ဆက်လက်လျှောက်လှမ်းနိုင်ရန် အရေးကြီးကြောင်း၊ ဝန်ထမ်းအချင်းချင်းနှင့် ဌာနတစ်ခုနှင့်တစ်ခုအကြား အပြန်အလှန်နားလည်မှု၊ တန်ဖိုးထားမှုများကို ဆက်လက်မြှင့်တင်ကာ အာရက္ခဒေသကို တည်ဆောက်ရာတွင် ကိုယ်စွမ်း၊ ဉာဏ်စွမ်း၊ ပညာစွမ်းများဖြင့် ဆက်လက်ကြိုးပမ်းကြရန် ဒေါက်တာညိုထွန်းအောင်က တိုက်တွန်းထားသည်။