
AB News – မေ ၂၃၊ ၂၀၂၆
စစ်ကော်မရှင် ထိန်းချုပ်ဆဲ ရက္ခိုင်ပြည်၊ စစ်တွေမြို့ ကမ်းနားလမ်းတွင် စစ်ကော်မရှင်တပ်က ဘန်ကာများ တည်ဆောက်ပြီး ခံစစ်အခိုင်အမာ ပြုလုပ်နေကြောင်း မြို့ခံများက ဆိုကြသည်။
“ကမ်းနားလမ်းမှာ အခု ဘန်ကာတွေ အများကြီး ဆောက်နေတယ်။ စစ်သားတွေကိုလည်း လုံခြုံရေး ချထားတယ်။ အခုဆို သံစည်းရိုးတွေ၊ ဘန်ကာတွေကြောင့် ပင်လယ်ဘက်ကို ရှင်းရှင်းမမြင်ရတော့ဘူး” မြို့ခံတစ်ဦးက ဆိုသည်။
စစ်တွေမြို့ကို အာရက္ခတပ်တော်က ဝင်ရောက်ပြီး ထိုးစစ်ဆင် တိုက်ခိုက်လာမည်ကို စိုးရိမ်၍ စစ်ကော်မရှင်တပ်ဘက်က ခံစစ်အခိုင်အမာ ပြင်ဆင်နေခြင်းဖြစ်ကြောင်း ပေါက်တောဒေသခံတစ်ဦးက ပြောသည်။
“ရွှေမင်းဂံရေတပ်စခန်းကို အေအေ က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်နေတာ ရှိတယ်။ ပေါက်တော မြေငူကျွမ်းကနေပြီး ကမ်းနားလမ်းဘက်ကို ကမ်းတက်ပြီး ထိုးစစ်ဆင်လာမှာကို ကြောက်နေပုံ ရတယ်။ ဒါကြောင့် ကမ်းနားလမ်းမှာ ဘန်ကာတွေ အခိုင်အမာ ဆောက်နေတာလို့ မြင်တယ်” ဟု ဆိုသည်။
ထိုအပြင် မေလ ဒုတိယအပတ်အတွင်း အာရက္ခတပ်တော်က စစ်တွေမြို့နယ်၊ သက္ကယ်ပြင်အနီးရှိ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်ကို လက်နက်ကြီး ပစ်ခတ်မှုအပါအဝင် ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုကြသည်။
စစ်တွေတွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ) အောက်တွင် ခလရ -၂၀၊ ခလရ – ၂၃၂၊ ခလရ – ၂၇၀၊ အမရ – ၃၄၄၊ ခမရ – ၃၅၄၊ အမှတ် – ၃၆ ရဲတပ်ရင်း၊ အမှတ် – ၁၂ ရဲတပ်ရင်း၊ အမှတ် – ၉၀၈ အင်ဂျင်နီယာတပ်ရင်း၊ ပွိုင့်ကမ်းခြေရှိ အမှတ် (၃) ဗျူဟာ ရေတပ်ဌာနချုပ်နှင့် ရွှေမင်းဂံရေတပ်စခန်း တို ရှိသည်ကို တွေ့ရှိရသည်။
စစ်ကော်မရှင်တပ်သည် ပြည်မဘက်မှ အတင်းအဓမ္မ စစ်မှုထမ်းခေါ်ယူခဲ့သည့် ပြည်သူ့စစ်များကို စစ်တွေမြို့သို့ ခေါ်ယူ၍ စစ်အင်အားဖြည့်တင်းထားကြောင်း သတင်းရင်းမြစ်များက ဆိုကြသည်။
ရုပ်သံ – TikTok(@ yunat663)
#ArakanBayNews #AB_News #Military_Commission #Building_bunkers #StrengtheningDefensivePositions #Sittwe