AB News – စက်တင်ဘာ ၂၅၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများကို စစ်ကော်မရှင်တပ်က Y-12 လေယာဉ်ဖြင့် လေကြောင်းမှ ဗုံးဆက်တိုက် ကြဲချတိုက်ခိုက်ခဲ့သဖြင့် အသက် ၁ နှစ်အရွယ် မူဆလင်ကလေးငယ် ၁ ဦး အပါအဝင် ဒေသခံ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့ စက်တင်ဘာ ၂၅ ရက် နံနက် ၂ နာရီကျော်မှ ၂ နာရီ ၄၅ မိနစ်အချိန်အထိ ၁ နာရီနီးပါးကြာ ကျောက်တော်မြို့နယ်ရှိ ပြည်တော်သာ (၉) လမ်း၊ ပီစိပိုက်သည်ရွာ၊ ဝကင်းရွာ၊ ဒုံးရပ်ရွာနှင့် နိဒင်ရွာတို့ကို စစ်ကော်မရှင်၏ Y-12 လေယာဉ်က ဒရော့ဗုံး အလုံး ၂၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဗုံးများမှာ ဒေသခံ ပြည်သူများ နေထိုင်ရာ အိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် နေအိမ် အများအပြားလည်း ပျက်စီးသွားခဲ့သည်။
“ညသန်းခေါင် လူအိပ်နေတဲ့အချိန်မှာ ဗုံးလာကြဲတာပါ။ တစ်ခါကြဲရင် ၃ လုံးဆက်တိုက်ချပြီး စုစုပေါင်း အလုံး ၂၁ လုံးလောက် ကျတယ်။ မူဆလင် ၆ ယောက်နဲ့ ရက္ခိုင် ၂ ယောက် ဒဏ်ရာရသွားတယ်လို့ ကြားတယ်” ဟု ကျောက်တော် ဒေသခံတစ်ဦးက AB News သို့ ပြောသည်။
ယင်း လေကြောင်းမှ ဗုံးကြဲမှုကြောင့် ပြည်တော်သာရပ်ကွက်မှ ဦးစိန်သန်း (၅၅ နှစ်)၊ ဒေါ်ရွှေရီ (၅၄ နှစ်)၊ ပီစိပိုက်သည်ရွာမှ ဦးအဘူကလစ် (၃၅ နှစ် – မူဆလင်) နှင့် နိဒင်ရွာမှ မူဆလင် ဒေသခံများဖြစ်ကြသည့် ဘီဘီဆာနေးယား (၁ နှစ်)၊ ဘီဘီဆာခါရာ (၈ နှစ်)၊ ဆော်လိမ်း (၁၈ နှစ်)၊ ရိုဟီမာကာတူ (၃၇ နှစ်) နှင့် ဂျာဘဲရိတို (၄၃ နှစ်) တို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။
ဒဏ်ရာရရှိသူများအနက် အသက် ၁ နှစ်အရွယ် ကလေးငယ် ဘီဘီဆာနေးယားတွင် နဖူးတွင်ဒဏ်ရာရရှိခဲ့ပြီး အသက် ၈ နှစ်အရွယ် ဘီဘီဆာခါရာတွင် ညာဘက်ခြေထောက်တို့၌ ဗုံးစထိမှန်ခဲ့ပြီး ဒေါ်ရွှေရီမှာမူ ဘယ်ဘက်ဝမ်းဗိုက်တွင် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၄ ရက် ညနေ ၅ နာရီကျော်ခန့်ကလည်း စစ်ကော်မရှင်တပ်သည် ရသေ့တောင်မြို့နယ်၊ ဇီးကိုင်းကျေးရွာသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။
ပုံ – APM
