
AB News – ဩဂုတ် ၆၊ ၂၀၂၆
သေဒဏ်ချမှတ်ခံထားရသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ဝင်ရောက်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာက ပြောကြားလိုက်သည်။
အသက် ၇၈ နှစ်အရွယ် ဟာစီနာသည် ၂၀၂၄ ခုနှစ်က ကျောင်းသားဦးဆောင်သည့် ဆန္ဒပြလှုပ်ရှားမှုများကို အင်အားသုံးဖြိုခွင်းခဲ့ပြီးနောက် အာဏာမှ ဖယ်ရှားခံရကာ အိန္ဒိယနိုင်ငံတွင် ပြည်ပြေးအဖြစ် ၂ နှစ်ခန့် နေထိုင်ခဲ့သည်။
ဗုဒ္ဓဟူးနေ့က ကျင်းပသည့် တောင်အာရှ နိုင်ငံခြားသတင်းထောက်များအသင်း (FCC) အခမ်းအနားတွင် ဗီဒီယိုမှတစ်ဆင့် မိန့်ခွန်းပြောကြားရာ၌ ဟာစီနာက မိမိအနေဖြင့် ဘင်္ဂလားဒေ့ရှ်သို့ ပြန်လာမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ အဆိုပါ အခမ်းအနားတွင် သူမ၏သားဖြစ်သူ စာဂျစ်ဝါဇက်၊ Awami League ပါတီခေါင်းဆောင်များနှင့် ပညာရေးဝန်ကြီးဟောင်း မိုဟီဘူဟာဆန်တို့လည်း ပါဝင်ခဲ့ကြသည်။
“ကျွန်မကို ဖမ်းဆီးနိုင်ပါတယ်၊ ထောင်ချနိုင်ပါတယ်။ ဒါပေမဲ့ ပြည်သူတွေအပေါ်ထားတဲ့ ကျွန်မရဲ့ တာဝန်ယူမှုကို ကြောက်ရွံ့မှုနဲ့ ဆုံးဖြတ်မှာမဟုတ်ပါဘူး။ ကျွန်မချစ်တဲ့ ပြည်သူတွေ ဒုက္ခရောက်နေချိန်မှာ အဝေးမှာပဲ ရေငုံနှုတ်ပိတ် နေလို့မရပါဘူး” ဟု ဟာစီနာက ပြောကြားခဲ့သည်။
ပြန်လည်ဝင်ရောက်မည့် ရက်အတိအကျကို အချိန်တန်လျှင် ကြေညာသွားမည်ဖြစ်သော်လည်း ယခုနှစ် ဒီဇင်ဘာလအတွင်း ပြန်လာရန် ဆန္ဒရှိကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် Awami League ပါတီအပေါ် ချမှတ်ထားသည့် ပိတ်ပင်မှုကို ရုပ်သိမ်းပေးရန် တောင်းဆိုခဲ့ပြီး သားဖြစ်သူ စာဂျစ်ဝါဇက်ကလည်း လက်ရှိ ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် မည်သည့်ဆက်သွယ်မှုမျှ မရှိကြောင်း ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ် ကျောင်းသားဦးဆောင် ဆန္ဒပြလှုပ်ရှားမှုများကို အစိုးရက အင်အားသုံးနှိမ်နင်းရန် ကြိုးပမ်းခဲ့ပြီးနောက် ဟာစီနာသည် ရဟတ်ယာဉ်ဖြင့် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ ထွက်ခွာခဲ့ရပြီး ထိုအချိန်မှစ၍ ဘင်္ဂလားဒေ့ရှ်သို့ ပြန်လည်မဝင်ရောက်သေးပေ။
ယခင်နှစ်က ဒါကာမြို့ရှိ တရားခွင်သို့ တက်ရောက်ရန် ငြင်းဆန်ခဲ့ပြီးနောက် ဟာစီနာသည် လူသတ်မှုများ လှုံ့ဆော်ခြင်း၊ သတ်ဖြတ်ရန် အမိန့်ပေးခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို မတားဆီးနိုင်ခြင်းတို့ဖြင့် အပြစ်ရှိကြောင်း စီရင်ခံခဲ့ရကာ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုဖြင့် ကြိုးပေးသေဒဏ် ချမှတ်ခံခဲ့ရသည်။
ဟာစီနာ ပြန်လာမည်ဟု ကြေညာသည့်အချိန်သည် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့အကြား သံတမန်ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာစေရန် ကြိုးပမ်းနေသည့် ကာလနှင့် တိုက်ဆိုင်နေသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရက ဟာစီနာကို ပြန်လည်လွှဲပြောင်းပေးရန် အိန္ဒိယအစိုးရထံ အကြိမ်ကြိမ် တောင်းဆိုထားသော်လည်း အိန္ဒိယဘက်က ဥပဒေလုပ်ထုံးလုပ်နည်းများအတိုင်း စိစစ်နေဆဲဖြစ်ကြောင်းသာ တုံ့ပြန်ထားသည်။
လက်ရှိတွင် ဝန်ကြီးချုပ်အသစ် တာရစ်ကီရာမန် တာဝန်ယူလာပြီးနောက် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့အကြား ဆက်ဆံရေး တိုးတက်လာခဲ့ပြီး အိန္ဒိယနိုင်ငံကလည်း လာမည့် စက်တင်ဘာလတွင် ကျင်းပမည့် BRICS ထိပ်သီးအစည်းအဝေးသို့ တာရစ်ကီရာမန်ကို ဖိတ်ကြားထားကြောင်း သိရသည်။
Ref : Al Jazeera